သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို လူ့အခွင့်အရေးဆု ချီးမြှင့်


တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် (ယခင်မှတ်တမ်းဓာတ်ပုံ)
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် (ယခင်မှတ်တမ်းဓာတ်ပုံ)

ပြည်သူ့ကာကွယ်ရေးတပ် PDFတွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွဲချက် ပုဒ်မ ၅၀-ညနဲ့ မန္တလေးတိုင်း အိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင် ကို ဥရောပအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် "The 29th International Human Rights "Ludovic-Trarieux" Prize 2024" နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။

ဒီကနေ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ချီးမြှင့်မယ့် ဒီလူ့အခွင့်အရေးဆုကို ထောင်ဒဏ် ချမှတ်ခံနေရတဲ့ ရှေ့နေဒါ်ရွက်နု‌အောင် ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားတက်ယူသွားမှာ ဖြစ်တယ်လို့လည်း NUG က သတင်းထုတ်ပြန်ထားပါတယ်။ ပေးအပ်ချီးမြှင့်မယ့် ဒီလူ့အခွင့်အရေးဆုပေးပွဲအခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဥရောပအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့ က နှစ်တိုင်းဒီဆုကို နိုင်ငံတကာက လူ့အခွင့်ရေးလှုပ်ရှားသူ၊ တန်ဖိုးထားသူတွေအတွက် ရွေးချယ်ချီးမြှင့်ပေးနေတာဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးပေါ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာအခွင့်အရေး တွေရရှိဖို့ အားထုတ်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ဆုပေးဖို့ရွေးချယ်ခဲ့တယ်လို့လည်း IDHAE အဖွဲ့က ပြောပါတယ်။

၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့တာတွေလုပ်တယ်ဆိုပြီး ပုဒ်မ ၅၀-ညနဲ့တရားစွဲကာ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ်ချမှတ်ထားတာ ခံထားရပါတယ်။ လက်ရှိမှာ မန္တလေးတိုင်း အိုးဘိုထောင်မှာ သူ့ကို အကျဉ်းချထားပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက်တုန်းက နိုင်ငံကျော်အမှုတစ်ခုဖြစ်တဲ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုမှာ နစ်နာသူ ကလေးငယ်ဘက်က ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ခြိမ်းခြောက်မှု အမျိုးမျိုးကြုံရပေမယ့် ကလေးဘက်က ရဲရဲဝံ့ဝံ့ ရှေ့နေလိုက် ပေးခဲ့ တာမို့ ထင်ရှားကျော်ကြားလာခဲ့သူပါ။

စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဒုတိယဥက္ကဋ္ဌ ကွယ်လွန်သူဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရှေ့နေ အနေနဲ့ အမှုတွေမှာလိုက်ပါဆောင်ရွက်ပေးခဲ့သူပါ၊ NLD အစိုးရလက်ထက် မန္တလေးတိုင်းလျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေနဲ့ NLD ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေကိုလည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေပိုင်းဆိုင်ရာ တရားရေးဆိုင်ရာအကူအညီတွေအကြံပေး လိုက်ပါဆောင်ရွက်နေတုန်း ၂၀၂၂ ဧပြီ ၂၇ရက်နေ့မှာတော့ ဒေါ်ရွက်နုအောင်ကို တရားခွင်အပြီးမှာတင် စစ်ကောင်စီရဲ့ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရပြီး ပုဒ်မ ၅၀-ညနဲ့ တရားစွဲကာ ၂၀၂၂ခုနှစ် ဒီဇင်ဘာမှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဥရောပအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့ကပေးအပ်တဲ့ ဒီလူ့အခွင့်အရေးဆုကို ၂၀၀၈ ခုနှစ်တုန်းက မြန်မာရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအေးမြင့်လည်း ချီးမြှင့်ခဲ့ရဖူးပါတယ်။

Forum

XS
SM
MD
LG