ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာက စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/ PDF နဲ့ ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ချသူတွေ ပိုများ လာနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ ဘုရားသုံးဆူဒေသမှာ တခုတည်းသာ ကျန်တော့တဲ့ အနန်းကွင်းဗျူဟာ မကျရေးအတွက် စစ်တပ်က လေကြောင်းကရော မြေပြင်ကပါ ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်နေတာပါ။
အပြည့်အစုံကိုတော့ ဗီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA/PDF နဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် စစ်စခန်း မကျရှုံးစေရေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။ စစ်တပ်ဘက်က လက်နက်ချသူ အရေအတွက်လည်း များလာတယ်လို့ အဲဒီဒေသမှာ ပူးပေါင်းတိုက်နေတဲ့ ABSDF တပ်ရင်း(၁) တပ်ရင်းမှူး ရဲဘော် သိန်းလွင်က VOA ကိုပြောပါတယ်။
" ပြီးခဲ့တဲ့အပတ်ကပဲ လူ ၄၀ လောက်က လက်နက်ချတယ်။ လူ ၃၀ လောက်ကတော့ ပြီးခဲ့တဲ့လက လက်နက်ချတယ်၊ လက်နက်တွေရတာ ၇၀ လောက်ရှိပြီ၊ အများဆုံးကျန်ရင် လူ ၃၀ လောက်ပဲ ကျန်တယ်။ သူတို့ အနန်းကွင်းဗျူဟာ တခုလုံးက ရာချီလောက်ပဲရှိတယ်၊ လေကြောင်းတိုက်ခိုက်တာတွေ လာတယ်၊ ရေးမြို့ဘက်က ကျည်းတပ် စစ်ကြောင်းတွေ လာတယ်၊ စစ်ကူလာတယ် ဒါပေမဲ့ ပြန်ဆုတ်သွားရတယ် ဒီဘက်က PDF တပ်တွေ ပူးပေါင်းတပ်တွေ ဝိုင်းတိုက်တော့ ပိတ်မိပြီး လေကြောင်ပစ်ကူသုံးပြီး ဆုတ်ခွါသွားရတယ်။ "
မော်လမြိုင်ကနေ တနင်္သာရီအထိ လမ်းတွေကိုလည်း ပူးပေါင်းတပ်တွေကဘက်က ပိတ်ဆို့ပြီး နေရာယူထားတယ်လို့လည်း ရဲဘော်သိန်းလွင်က ပြောပါတယ်။
" ကြာအင်းဆိပ်ကြီးဘက်မှာက အဲဒီ အနန်းကွင်းဗျူဟာလောက်ပဲ ကျန်တော့တယ်၊ ကျန်တာတွေက မရှိတော့ဘူး ကျနော်တို့အကုန်လုံးက ရိက္ခာလမ်းကြောင်တွေကိုပါ ဖြတ်တောက်ထားတယ်၊ အခုဆို ရေးဘက်ကို ကျနော်တို့ဖြတ်တောက်ထားတယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး နေရာမှာပေါ့၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ဆိုတာက ရေး−တနင်္သာရီအထိပေါ့။ မော်လမြိုင်ကနေ ပေါ့၊ အဲဒီ ကားလမ်းတလျောက်မှာ ကျနော်တို့ PDF တွေနဲ့ ပူးပေါင်းမဟာမိတ်တွေ KNU/ KNLA တွေ ထိန်းချုပ်ထားတယ်၊ ကားလမ်းတော့ မပိတ်ဘူး။ ကျနော်တို့ လိုအပ်လို့ စစ်ဆင်ရေးလုပ်မယ်ဆိုရင် ကားလမ်း ပိတ်ခိုင်းလိုက်တယ်။ "
အခုဆိုရင် စစ်တပ်ရဲ့အရေးပါတဲ့ ဗျူဟာဖြစ်တဲ့ အနန်းကွင်းစခန်းဟာ ခံစစ်အဖြစ်သာ ရပ်တည်နိုင်ပြီး ထိုးစစ် မရှိတော့ပဲ ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ မွန်ပြည်နယ်အတွင်းက စစ်တပ်ရဲ့ တပ်စခန်းတွေကိုလည်း ပြီးခဲ့တဲ့အပတ်က ပူးပေါင်းတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
" ပြီးခဲ့တဲ့ အပတ်ကပဲ ခလရ ၃၅၈ သံဖြူဇရပ် အမြှောက်တပ်ကို သွားတိုက်တာ စစ်တပ်ဘက်က ၅ ယောက်သေတယ် ၃ ယောက်လောက် ဒဏ်ရတယ်၊ ပြီးခဲ့တဲ့ အပတ်ကပဲ ဒုံဘီ စစ်တပ်ရဲ့စခန်း စံပြစခန်းကို သွားတိုက်တယ် အဲဒီမှာ ဗိုလ်ကြီးအပါအဝင် ၅ ယောက်လောက် ကျတယ်၊ ဒဏ်ရာရတာက အများကြီးပဲ။ "
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ အောက်တိုဘာလ ၁၃ ရက်နေ့ လောက်ကစပြီး ပူးပေါင်းတပ်ဖဲွ့တွေဘက်က စစ်ရေးအရ အရှိန်မြှင့်ပြီး ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နေအိမ်တွေ ပျက်စီးခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင် နေရပါတယ်ရှင်။
Forum