အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို အမေရိကန်က စောင့်ကြည့်နေတာဖြစ်ပြီး ဒီ ၂ နိုင်ငံရဲ့ လတ်တလော ဒေသတွင်း စစ်ရေးပူးပေါင်းလှုပ်ရှားမှုတွေမှာ စိုးရိမ်ရတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ အာတိတ်ဒေသဆိုင်ရာ အမေရိကန် သံမှူး Michael Sfraga က ပြောပါတယ်။
ရုရှားနဲ့ တရုတ်ဟာ အာတိတ်ဒေသမှာ စစ်ရေးပူးပေါင်းမှု မြှင့်တင်ခဲ့သလို၊ ယူကရိန်းကို ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေက ဒဏ်ခတ်ထားတဲ့ ရုရှားနဲ့ ကုန်ပစ္စည်းဖလှယ်မှုတွေ တိုးလုပ်လာတာပြီး ဆက်ဆံမှု ပိုနက်ရှိုင်းအောင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
သယံဇာတပေါကြွယ်တဲ့ အာတိတ်ဒေသတွင်း နိုင်ငံပေါင်း ၈ နိုင်ငံ ရှိတဲ့အထဲမှာ ရုရှားနဲ့ အမေရိကန်တို့လည်း ပါဝင်တာဖြစ်ပြီး အာတိတ်ဒေသနဲ့ သိပ်မဝေးတဲ့နေရာမှာရှိတဲ့ တရုတ်ကတော့ "near-Arctic" အာတိတ်အနီးက နိုင်ငံ အဖြစ်သူ့ကိုယ်သူ ခေါ်ပြီး အာတိတ်ရပ်ဝန်းမှာ ဝင်ရိုးစွန်းပိုးလမ်းမ တခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။
ဥတုရာသီပြောင်းလဲပြီး အပူချိန် မြင့်တက်လာတာနဲ့အမျှ ဝင်ရိုးစွန်းဒေသ ရေခဲပြင်တွေ အရည်ပျော်ပြီး ရေစီးလမ်းကြောင်းတခု ဖန်တီးဖို့ ကြိုးစားနေတာပါ။ မကြာသေးခင်ကပဲ တရုတ်နဲ့ ရုရှားကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တဲ့ အကြိမ်ရေနဲ့ ရှုပ်ထွေးတဲ့ ပုံစံတွေကို ကြည့်ပြီး စိုးရိမ်ရတဲ့ လက္ခဏာတွေအဖြစ် အမေရိကန်က ရှုမြင်ကြောင်းလည်း ပြီးခဲ့တဲ့လကမှ အသစ်ခန့်အပ်လိုက်တဲ့ အမေရိကန်သံမှူးက ပြောပါတယ်။
ဇူလိုင်လထဲမှာ ရုရှားနဲ့ တရုတ် ဗုံးကြဲလေယာဉ်တွေ ပူးတွဲပျံသန်းလာတာကို အလက်စကားပြည်နယ် ကမ်းလွန်မှာ တွေ့လာရသလို၊ အောက်တိုဘာလထဲမှာ တရုတ်နဲ့ ရုရှား ကမ်းစောင့်တပ် သင်္ဘောတွေ Bering ဘဲရင်း ရေလက်ကြားကို အတူတကွ ဖြတ်သန်းလာတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒီစစ်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံတကာရေပြင်မှာ လုပ်ဆောင်တာဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပေမယ့် အလက်စကား ကမ်းရိုးတန်းမှာ ဒီဗုံးကြဲလေယာဉ်တွေ ပျံသန်းတာ အတွက်တော့ အမေရိကန်ရဲ့ လုံခြုံရေးမှာ စိုးရိမ်စရာတွေ ဖြစ်တာကြောင့် အမေရိကန်က ဒီ ၂ နိုင်ငံရဲ့ ပူးတွဲလှုပ်ရှားမှုတွေကို အသေအချာ စောင့်ကြည့်လေ့လာနေတယ်လို့လည်း ပြောပါတယ်။
Forum