ရှမ်းပြည်တောင်ပိုင်း ကရင်နီနယ်စပ် ဖယ်ခုံမြို့ အဝင်အထွက်အသွားအလာလုပ်နေတဲ့ ဒေသခံတွေကို ဖယ်ခုံမြို့ပေါ်မှာ စခန်းချလာတဲ့ စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဖယ်ခုံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲပြင်းထန်ချိန် နေရပ်စွန့်ခွာခဲ့သူတချို့၊ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်သွားတဲ့အချိန် နေရပ်ပြန်စဉ် အခုလို စစ်ကောင်စီဘက်က စစ်ဆေးတာကို ခံနေရတာပါ။ ဖယ်ခုံက လုံခြုံရေးအခြေအနေသတင်းပေးပို့ချက်ကို ဦးတင်မောင်သန်းပြောပြမှာပါ။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်(ဒေသအခေါ်) ကရင်နီနယ်စပ်က ဖယ်ခုံမြို့ပေါ် က စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ပြင်းပြန်းထန်ထန်ဖြစ်ပွားခဲ့တဲ့နောက် ဘေးလွတ်ရာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ နေထိုင်စားသောက်ရေး အခက်အခဲ အကျပ်အတည်းတွေနဲ့ ဖြစ်လာကြပါတယ်။
ဒါကြောင့် တိုက်ပွဲ ပြန်ငြိမ်နေတဲ့အချိန် နေရပ်စွန့်ခွာခဲ့သူတချို့ မြို့ထဲပြန်လာပြီး ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတာရှိသလို၊ တချို့က နေအိမ် သန့်ရှင်းရေး ပြန်လုပ်တာ လိုအပ်တဲ့ ပစ္စည်းတွေ ပြန်ယူတာမျိုး လုပ်လာကြပါတယ်။
ဖယ်ခုံမြို့မှာ လူဦးရေ ၁သိန်းကျော်ရှိပြီး မြို့လုံးကျွတ် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာပါ။ အခု လူဦးရေ သုံးပုံ တစ်ပုံလောက်က မြို့ထဲပြန်ဝင်လာကြတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“တချို့လည်း ပြန်ကြတယ်ရှင့်။ မြို့ကကျတော့ တချို့က မနေရဲဘူး၊ မြို့က တချို့ရောက်တဲ့လူကျတော့ အိမ်တွေကလည်း ပေါင်းတွေကပြည့်နေတာပေါ့၊ ပေါင်းပင်လေးနဲ့ နေလို့မရဘူးပေါ့။ တချို့ကျလည်း စာသင်ကျောင်းပေါ့ ဘုန်းကြီးကျောင်းမှာ နေတာရှင်။ ဘေးလွတ်ရာမှာကျတော့ လုပ်မစားတတ်လို့ပေါ့နော် ကိုယ်မွေးရပ်မြေမဟုတ်တော့လေ တချို့ကျလည်း ခက်ခဲတယ်ပေါ။့ အဲ့ကြောင့် ပြန်နေချင်ကြတယ်။ ပြန်နေတဲ့လူကတော့ ရှိတော့ရှိတယ် ဒါပေမယ့် နည်းတယ်ရှင့်၊ သုံးပုံ ပုံ တစ်ပုံလောက်ပဲ ပြန်ကြတယ်ပေါ့နော်၊ တပုံလောက်ကတော့ ပြန်ကြတယ်။”
စစ်ကောင်စီတပ်ရဲ့ ဖယ်ခုံမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ မြို့ထဲ ပြန်ဝင်လာတဲ့ ဒေသခံတွေအပေါ် တင်းကြပ်စစ်ဆေးနေပါတယ်။ မှတ်ပုံတင်၊ ပတ်စပို့စ်ဓာတ်ပုံနဲ့ ရပ်ကွက်ကျေးရွာ ထောက်ခံစာတွေကို ပြခိုင်းပြီး စစ်ဆေးနေတယ်လို့ ဖယ်ခုံမြို့ခံတဦးက ခုလို ပြောပါတယ်။
.. “သူတို့ မှတ်ပုံတင်စစ်တယ်၊ မှတ်ပုံ ပတ်စပို့ဓာတ်ပုံရယ် ပြရတယ်ရှင့်။ အဲ့မှာ နေထိုင်ကြောင်းပေ့ါ ဘယ်ရပ်ကွက်မှာနေလဲ အဲ့လိုမျိုး နေထိုင်ကြောင်းပြရတယ်။ မပြနိုင်လည်း သူတို့ နားလည်မှုနဲ့တော့ ပေးသွားတယ်လို့ ပြောတယ်ရှင့် အဲ့လိုမျိုး ၊ ဒါပေမယ့်ရင်တော့ ပိုကောင်းတာပေါ့၊ မပါရင်ကျတော့ သူတို့က နည်းနည်းရစ်တာပေါ့ အဲ့လိုမျိုးရှိတယ်။ တချို့လည်း ကြောက်ကြတယ်။”
(၁၁၁၁) စစ်ဆင်ရေးအတွင်းမှာ ဖယ်ခုံမြို့နယ်က ဗျူဟာကျတဲ့ တပ်စခန်းနဲ့ မြို့အဝင်အထွက် နေရာတွေကို ကရင်နီတပ်ပေါင်းစုဘက်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းသုံးပြီး အပြင်းအထန်ခုခံကာ တောက်လျှောက် ထိုးစစ်ဆင်လာတာပါ။
ပင်လောင်းမြို့နယ်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ယခုလထဲမှာ ဖယ်ခုံမြို့ပေါ်ကို ရောက်ရှိလာပြီး လက်လွှတ်ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ပြန်ချုပ်နိုင်ဖို့ မိုးဗြဲမြို့ဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ KNDF က ဗွီအိုအေကို ပြောဆိုထားပါတယ်။
ဖယ်ခုံမြို့ကို အဝင်အထွက်လုပ်လို့ရတဲ့ လမ်းကြောင်းကတော့ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ပြန်ထောင်စုလမ်းမကြီးနဲ့ ပင်လောင်း-ဖယ်ခုံ ပြန်ထောင်စုလမ်းမကြီးတို့ ဖြစ်ပါတယ်။
ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကိုတော့ ကရင်နီတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားပြီး ပင်လောင်း-ဖယ်ခုံ လမ်းကြောင်းကတော့ စစ်ကောင်စီတပ်က လက်ရှိ ပြန်ထိန်းချုပ်ထားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။
“သူတို့က ဖယ်ခုံမြို့ပေါ်မှာ ထိုးစစ်ဆင်လာတော့ ပင်လောင်းကနေ ဖယ်ခုံမြို့ပေါ်တော့ သူတို့ လမ်းပေါက်သွားတာပေါ့နော်။ သူတို့ပြန်ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် သေချာတခုက လူထုတွေကတော့ တချို့ပစ္စည်းတွေပြန်ယူကြတာတွေ အဲ့လောက်ပဲ လုပ်နိုင်ပါတယ်။ တကယ့်ကို ပြန်နေတာတွေ ပြန်လုပ်တာမဟုတ်ဘူးလေနော်၊ တချို့ အိမ်ပြန်ကြည့်တယ် အဲ့လောက်ပဲ လုပ်နိုင်မှာပါ အခုချိန်မှာတော့ လူထုတွေ ပြန်နေဖို့အတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။”
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုကြေင့် မိုးဗြဲမြို့တဝိုက်မှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ရွာသူရွာသားတွေ ထပ်မံ တိမ်းရှောင်နေကြရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ မိုးဗြဲ စစ်ရေး လုံခြုံရေးအခြေအနေ နဲ့ ပတ်သက်လို့ တိုက်ပွဲအတွင်းမှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDF ပြောရေးဆိုရှိသူကို ဗွီအိုအေက ဆက်သွယ်နေဆဲဖြစ်ပါတယ်။
Forum