အမေရိကန်သမ္မတ Joe Biden က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်နဲ့ မြေမြှုပ်မိုင်းတွေ အသုံးပြုခွင့် ပေးလိုတ်တဲ့အတွက် စိုးရိမ်မှုတွေ ရှိလာသလို၊ တဘက်မှာလည်း ရုရှားနဲ့ စစ်ပြေငြိမ်းရေး ညှိနိင်းဖို့အတွက် ယူကရိန်းကို အားဖြည့်ပေးတာ ဖြစ်နိုင်တယ်လို့ တွက်ဆမှုတွေ ရှိနေပါတယ်။ ဒီလို လက်နက်သစ်တွေ သုံးဖို့ခွင့်ပြုတာဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိင်သလဲ ဆိုတာကို မမြသဇင်အောင်က အယ်ဒီတာဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာ။ ယူကရိန်းကို ရုရှားနဲ့ စစ်ပွဲမှာ တာဝေးပစ် မစ်ဇိုင်းဒုံးတွေကို အမေရိကန်နဲ့ ဗြိတိန်က ခွင့်ပြုလိုက်ပါတယ်။ အရင်တုန်းက ဒါကို တချိန်လုံး တားမြစ်ထားတာ၊ အခုမှ ဘာလို့ ခွင့်ပြုလိုက်တာလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ အရင်တုန်းကတော့ တချိန်လုံး တားမြစ်ထားတယ်။ ယူကရိန်းက သုံးချင်နေတာကြာပြီ။ အမြဲတမ်းတောင်းတယ်။ သူတို့က မပေးခဲ့ဘူး။ ဆိုတော့ အခု ဘာကြောင့်ပေးရသလဲဆိုတော့ အဆင့်မြင့်ဒုံး Army Tactical Missile System (ATACMS) - အဲဒါကို အသုံးပြုခွင့်ပြုလိုက်တာ ဘာကြောင့်လဲဆိုတော့ ပထမတခုကတော့ စစ်ရေးအားဖြင့် စစ်မြေပြင်မှာ လိုအပ်နေတယ်။ လောလောဆယ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေက ရုရှားဘက်က ရောက်လာပြီး ရုရှားဘက်က ဝင်တိုက်နေတယ်။ တချို့နေရာတွေမှာ ရှိနေပြီး တိုက်နေပြီဆိုတော့ ဒီဟာကို ကာကွယ်တဲ့သဘောဖြစ်တယ်လို့ အပေါ်ယံအားဖြင့် တွေ့မြင်ရပါတယ်။ အမေရိကန်အစိုးရကတော့ ဒီဟာကို သုံးခွင့်ပြုတယ်ဆိုတာကို ကြေညာခြင်း မရှိပါဘူး။
နောက်တခုကတော့ သမ္မတဘိုင်ဒန်က ရာထူးက ဆင်းပေးရဖို့ (၂) ပဲ ကျန်တော့တယ်။ နောက်တက်လာမယ့် ဒေါ်နယ်ထရန့်က သူ တက်လာရင် ဒီစစ်ပွဲကို ငြိမ်းချမ်းရေးရအောင် လုပ်မယ်လို့ ပြောနေတာကို တမင်တကာ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးအစီအစဥ်အတွက် အနှောက်အယှက် ဖြစ်အောင် တမင်တကာ စစ်ရှိန်ကို မြှင့်ပေးခဲ့တာလို့ တချို့က Negative ရှုထောင့်က သုံးသပ်ပြီးတော့ ပြောကြတယ်။ တချိန်ထဲမှာပဲ တချို့က ဒီဟာကိုပဲ ဘာပြောလဲဆိုတော့ ဒေါ်နယ်ထရန့်က ပူတင်နဲ့ ယူကရိန်းကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီး အဖြေရှာဖို့ ပြောလာတဲ့အခါမှာ ယူကရိန်းကို စစ်ရေးအင်အားအရှိန် မြှင့်ပေးထားခြင်းအားဖြင့် ယူကရိန်းဟာ အပေါ်စီးက သို့မဟုတ် တန်းတူ Level နဲ့ ဆွေးနွေးနိုင်မယ်။ တဆင့်နိမ့်ပြီးတော့ ဆွေးနွေးစရာ မလိုဘူးဆိုတဲ့သဘောနဲ့ လုပ်တာဖြစ်တယ်လို့ ပြောကြတယ်။ ဒါလည်း ဖြစ်နိုင်တယ်။ အကုန်လုံးက ဖြစ်နိုင်တဲ့ အခြေအနေပါ။ စစ်ရေး အခြေအနေအရ လိုအပ်တာရယ်၊ ဒေါ်နယ်ထရန့်အတွက် စဥ်းစားစရာ ဖြစ်အောင်ရယ်၊ နောက်တခုက ယူကရိန်းက အပေါ်စီးကနေ ညှိနှိုင်းနိုင်အောင် သို့မဟုတ် တန်းတူညှိနှိုင်းနိုင်အောင်ဆိုပြီးတော့ ပေးတယ်လို့ ယူဆရပါတယ်။
မေး ။ ။ အဲဒီတော့ ကုလသမဂ္ဂက ပိတ်ထားတဲ့ မြေမြှပ်မိုင်းတွေ ဒါတွေကို သုံးခွင့်ပြုတာကကော ဘာကြောင့်ပါလဲ။
ဖြေ ။ ။ အဲ့ဒါကလည်း ဒီလိုပဲ ဆက်နွှယ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ကတော့ အမေရိကန် အစိုးရဘက်က တရားဝင် ရှင်းလင်းချက် ပြောပါတယ်။ Lloyd J. Austin အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ပြောတယ်။ ဟိုဘက်ကလာတဲ့ တပ်တွေဟာ ရုရှားတွေဟာ ယူကရိန်းဘက်ကို ထိုးဖောက်လာပြီဆိုရင် အင်အားကြီးတွေနဲ့ လက်နက်ကြီးတွေနဲ့ စက်ယန္တရားကြီးတွေနဲ့ တချိန်ထဲ ထိုးဖောက်လာတာ မဟုတ်ဘဲနဲ့ ခြေလျင်ခြေမြန်တပ်တွေကို တပ်စုလေးတွေနဲ့ လွှတ်ပြီးတော့ အရင်ဆုံးဝင်ပြီး လမ်းရှင်းခိုင်းတယ် အဲဒီဟာကို ဟန့်တားဖို့အတွက် အဓိက လိုအပ်တယ်။ ဒီဟာက ပိုပြီးတော့ ခက်တဲ့ကိစ္စပေါ့လေ။ ဒါက နိုင်ငံတကာ၊ ကုလသမဂ္ဂက တားမြစ်ထားတဲ့ဟာကို ဟန့်တားပြီးတော့ ချိုးဖောက်ပြီးတော့ ပေးရတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့ကလည်း ဒါကို တရားဝင် အကြောင်းပြချက် ပေးပြီးတော့လုပ်တယ်။ ဘာပဲပြောပြော အဝေးပြေး Missle System ပေးတာကိုကော မြေမြှပ်မိုင်းတွေကို ခွင့်ပြုတာကော နှစ်ခုလုံးက ဘာကို ဖော်ပြနေလဲဆိုရင် ဒီစစ်ပွဲမှာ ယူကရိန်းဘက်က အင်အားလိုအပ်နေတယ်။ အင်အားနိမ့်နေတဲ့အတွက်ကြောင့် ဒီဘက်က ပိုပြီးမြှင့်ပေးရတယ်ဆိုတာက ပေါ်လွင်ပါတယ်။ ရုရှားကို သူတို့ မယှဥ်နိုင်ဖြစ်နေတဲ့အတွက်ကြောင့် ပိုပြီးအားဖြည့်ပေးတဲ့ သဘောဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီလို အနောက်နိုင်ငံတွေက ပိုတိုးတိုးပြီးတော့ ခွင့်ပြုလာတဲ့အပေါ်မှာကော ရုရှားရဲ့ တုံ့ပြန်မှု့ကကော ဘယ်လိုပါလဲ။
ဖြေ ။ ။ ရုရှားက ပိုတိုးတိုးပြီး ဖိလာမယ်ဆိုတဲ့ သဘောပါဘဲ။ ရုရှားက စောစောကပြောခဲ့တဲ့ ATACMS မစ်ဇိုင်းတွေ ခြောက်စင်း ပစ်တယ်လို့ ပြောတယ်။ အရင်တုန်းကတော့ Supersonic လို့ခေါ်တဲ့ အသံထက်မြန်တဲ့ မစ်ဇိုင်းတွေ ရှိတယ်။ အခုတော့ Hypersonic ဆိုတာ Supersonic ထက် (၅) ဆ ပိုမြန်တယ်။ Intercept ကြားဖြတ်တိုက်ခိုက်လို့ မရဘူး။ အဲဒီ မစ်ဇိုင်းဒရုန်းတွေကို သုံးတယ်။ အဲဒီမှာ Ballastic လိုချင်ရာကို ထိန်းညှိပြီးတော့မှ လွှတ်လို့ရတဲ့ဟာကို ပစ်မှတ်ကို တခါထဲ လွှတ်ပြီးတော့ ပစ်လို့ရတာကို သုံးတယ်။ တစ်စင်းတောင်မှ သုံးပြီးပြီ။ ဒါထက် အဆင့်မြင့်တဲ့ဟာကိုလည်း သုံးမယ်ဆိုပြီးတော့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ပြောသွားတာ တွေ့ရပါတယ်။ ရုရှားဘက်ကလည်း စစ်ရှိန်ပိုပိုမြှင့်လာတယ်။ အဲ့ဒါတွေအပြင် ရုရှားက နျူကလီးယားလက်နက် သုံးဖို့အတွက် သူတို့မှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ကိုတောင် လျှော့ပေးလိုက်တယ်။ တကယ်လို့ လိုအပ်ရင် လွယ်လွယ်ကူကူ အသုံးပြုလို့ရအောင်ဆိုတဲ့သဘော ဖြစ်လာတယ်။ ရုရှားဘက်က တုံ့ပြန်မှု့ကတော့ သိပ်အရေးကြီးတယ်။ အင်မတန် သတိထားရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောရမယ့်ပါ။
မေး ။ ။ ဒီလိုတွေ ဖြစ်လာတဲ့အချိန်မှာပဲ ဂျာမနီဝန်ကြီးချုပ်က သမ္မတပူတင်နဲ့ ဖုန်းဆက်ပြီးတော့ စကားပြောတယ်လို့လည်း သတင်းတွေမှာ တွေ့ပါတယ်။ တခြား နိုင်ငံတွေကကော ဘယ်လိုတုံ့ပြန်ပါလဲ။
ဖြေ ။ ။ တကယ်တော့ ဂျာမနီကတော့ နေတိုးအဖွဲ့ထဲမှာ ဂျာမနီတို့ ပြင်သစ်တို့က အစထဲကလည်း သူတို့က ငြိမ်းချမ်းအဖြေရှာစေချင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်တွေ ဖြစ်ပေမယ့် ပေါ့လေ။ သူတို့ကတော့ အဲဒီကိစ္စကို စေ့စပ်အဖြေရှာစေချင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မလွှဲသာလို့သာ သူတို့က နေတိုး စည်းကမ်းအတိုင်း လိုက်နာရတာပေါ့လေ။ နောက် နေတိုးနဲ့ မဆိုင်တဲ့ ကြားနိုင်ငံတွေဖြစ်တဲ့ တရုတ်ကလည်း ဒါကို ဟန့်တားပါတယ်။ မကြိုက်ပါဘူး။ တရုတ်ကလည်း ဒါကိုအစထဲက ဒီစစ်ပွဲကို မတိုက်သင့်ဘူး။ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်တယ် ဘာညာဆိုပြီး ဒါကို ကြားဝင်စေ့စပ်ပေးမယ်ဆိုပြီး နှစ်ဘက်လုံးကို ပြောနေတာ ဖြစ်ပါတယ်။ တရုတ်ကလည်း ကန့်ကွက်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ။ ယူကရိန်းတို့နဲ့ နီးစပ်တဲ့ အရှေ့ဥရောပနိုင်ငံတွေပေါ့လေ ဟန်ဂေရီသမ္မတက ပြောတယ်။ ပူတင်ရဲ့ ဘယ်လို လက်နက်အင်အားတွေ တိုးချဲ့သုံးလာမယ် ဆိုတဲ့ဟာကို ဒီဟာကို သိပ်လျှော့မတွက်နဲ့။ ဒီ ပဋိပက္ခသည် ဘယ်လောက်တောင် ဖြစ်လာမလဲဆို Global Conflict လို့ ပြောတယ်။ တကမ္ဘာလုံး လွှမ်းခြုံတဲ့ ပဋိပက္ခကြီး ဖြစ်သွားနိုင်တယ် ဆိုပြီးတော့ ဟန်ဂေရီသမ္မတက သတိပေးတာ တွေ့ပါတယ်။ နောက်တခါ ပိုလန်ဝန်ကြီးချုပ်ကလည်း ပြောတယ်။ ဒီကိစ္စဟာ သိပ်ပြီးတော့ အလေးထားသင့်တဲ့ကိစ္စ ဖြစ်တယ်ဆိုပြီးတော့ ပြောပါတယ်။ နောက် အထူးသဖြင့် အမေရိကန်က မြေမြှုပ်မိုင်း Anti-personal landmies တွေ သုံးတာနဲ့ ပတ်သက်ပြီး သိပ်ဝေဖန်တယ်။ ဒါ ကုလသမဂ္ဂရဲ့ ပဋိညာဉ်ကို ဘာကြောင့် ချိုးဖောက်ရသလဲ။ အထူးသဖြင့် ပြင်သစ်နိုင်ငံကလည်း အစိုရ တရားဝင်ပြောတာကိုတော့ ကျနော် မကြားသေးဘူး။ Le Monde သတင်းစာကြီးကတော့ အပြင်းအထန် ရှုတ်ချပြီး ဝေဖန်တယ်။ ဒါဟာ မလုပ်သင့်ဘူးဆိုပြီးတော့ ပြောကြပါတယ်။ ဒါက ကမ္ဘာက တုံ့ပြန်ကြတာ၊ သိပ်မလိုလားဘူးပေါ့လေ။
မေး ။ ။ အဲဒီတော့ ရုရှားဘက်က ဝင်တိုက်ဖို့ဆိုပြီးတော့ မြောက်ကိုရီးယားက စစ်သားတွေ တစ်သောင်းကျော် ရုရှားနဲ့ ယူကရိန်းနယ်စပ်ကိုလည်း လွှတ်ထားတာ ရှိတယ်။ အမေရိကန်က ခန့်မှန်းတာတော့ မကြာခင်မှာ ဒီတိုက်ပွဲတွေမှာ မြောက်ကိုရီးယားစစ်သားတွေ ပါလာတော့မယ်ပေါ့။ အဲဒီတော့ စစ်ရေးအခြေအနေက ပိုပြီးတော့ ကျယ်ပြန့်လာမှာလား။
ဖြေ ။ ။ ကျယ်ပြန့်လာနိုင်တယ်လို့ ပြောကြပါတယ်။ အဓိကအားဖြင့် အမေရိကန်က ပစ္စည်းတွေ သုံးခွင့်ပေးလာတာကိုလည်းပဲ မြောက်ကိုရီးယားတပ်တွေ ရောက်လာတာကို အကြောင်းကြားတယ်ဆိုတော့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် သူငြင်းကိုယ်ငြင်းတော့ ဖြစ်လာနိုင်တယ်။ သို့သော်လည်းပဲ တချို့က ဘာပြောကြလဲဆိုတော့ ပူတင်ဘက်က တကယ် ကိုယ်ထိလက်ရောက် ပြောတဲ့အတိုင်း အစွမ်းကုန် တုံ့ပြန်မှုကိုတော့ စောင့်ကြည့်ရလိမ့်မယ်။ အနည်းဆုံး ဒေါ်နယ်ထရန့်အစိုးရ တက်လာတဲ့ထိတော့ သူ စောင့်ကြည့်လိမ့်မယ် ထင်တယ်။ အဲဒီအချိန်မှ အခြေအနေကိုကြည့်ပြီးတော့ ပိုပြီးတော့ အစွမ်းကုန် မြှင့်ကောင်းမြှင့်မယ်ဆိုပြီးတော့ သုံးသပ်ကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာကို အရှိန်က တော်တော်လေးမြှင့်နေပြီဆိုတော့ ဒါဟာ သိပ်ပြီးတော့ ကမ္ဘာအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုတလခွဲ နှစ်လလောက် ကျန်သေးတယ်ပေါ့လေ။ အဲဒီအတွင်းမှာကို အမျိုးမျိုး ဖြစ်လာနိုင်တယ်ပေါ့လေ။
မေး ။ ။ အဲဒီတော့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး အလားအလာ ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ သိပ်ခဲယဉ်းပါတယ်။ ငြိမ်းချမ်းရေးဆိုတာ။ ဒီစစ်ပွဲဖြစ်ရတဲ့ Root cause တွေကို အပြန်ပြန်သုံးသပ် ပြောကြတဲ့အခါ။ ပထမဆုံးက Historical Background သမိုင်းနောက်ခံ ဟိုလွန်ခဲ့တဲ့ နှစ်ထောင်နဲ့ချီတဲ့ကာလထဲက ယူကရိန်းသည် သီခြားလူမျိုးလား၊ ရုရှားရဲ့ တစိတ်တဒေသလား။ ဘာသာစကားအားဖြင့်လည်း သိပ်နီးစပ်တယ်။ ယဥ်ကျေးမှု့အားဖြင့်လည်း သိပ်နီးစပ်တယ်ဆိုတော့အခါကြတော့ သူတို့ဟာ သိပ်ခွဲရခက်ပါတယ်။ အဲ့ဒါကြောင့်မို့လည်း ရုရှားအင်ပါယာတွေက ငါတို့ထဲမှာ ပါတယ်ဆိုပြီး ရုရှားဘုရင်တွေက သိမ်းပိုက်ခဲ့တယ်။ ယူကရိန်းကလည်း ငါတို့က သီးခြားဖြစ်တယ်ဆိုပြီး ခွဲထွက်ခဲ့တာတွေ ရှိတယ်။ အစဥ်အလာ ရှိလာခဲ့တယ်။ အဲ့ဒါက တပိုင်းပေါ့လေ။ နောက်တပိုင်းက ဘာလဲဆိုတော့ စစ်အေးပြီးသွားတဲ့အခါမှာ ယူကရိန်းဟာ ဆိုဗီယက်အင်ပါယာထဲက လွတ်မြောက်ပြီးတော့ သီခြားနိုင်ငံ ဖြစ်လာတယ်။ သီခြားနိုင်ငံ ဖြစ်လာတဲ့ထဲမှာမှ ယူကရိန်းအထက်မှာလည်းပဲ ရုရှား လိုလားတဲ့ သမ္မတရှိခဲ့တယ်။ အဲဒီ သမ္မတ လက်ထက်မှာ ပြဿနာ ဖြစ်တယ်။ အဲဒီနယ်တနယ်ဟာ သူတို့ဟာ ရုရှားလူမျိုးတွေရဲ့ဒေသ ရုရှားတွေနဲ့ ခွဲထွက်ဖို့ လုပ်တယ်။ သီခြားလုပ်တယ်။ ရုရှားက ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတာ ပို့တယ်။ ပို့ပြီးတော့ နောက်ဆုံး သူတို့က ရုရှားဘက်ကို ပါသွားတယ်လို့ ဖြစ်တယ်။ ရုရှားကို လိုလားတဲ့သမ္မတလည်း ပြုတ်ထွက်သွားပြီးတော့ အခု အမေရိကန် လိုလာသူလို့ ပြောရမှာပေါ့လေ တက်လာတယ်။ အဲ့ဒါကိုလည်းပဲ နေတိုးအဖွဲ့ကလည်းပဲ ဆိုဗီယက်အင်ပါယာကို အနိုင်ယူခဲ့သလို၊ ရုရှားက ဒီဟာကို လက်စားချေဖို့ ကြိူးစားလာတာ ငါတို့ ထိန်းရမယ်ဆိုပြီးတော့ သူတို့ ဆိုဗီယက်ပြည်ထောင်စုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကို ဖယ်ထုတ်ဖို့ အမြဲတမ်းကြိုးစားခဲ့တယ်။ အခုဆိုရင် ယူကရိန်းဆိုရင် (၂၀၀၈) ခုနစ်မှာ နေတိုးအဖွဲ့ဝင် ဝင်ဖို့အထိ လုပ်လာခဲ့တယ်။ နေတိုးအဖွဲ့မှာ သူ့အိမ်နီးချင်းနိုင်ငံ သူတို့နဲ့ ထိဆက်နေတဲ့ နိုင်ငံတစ်ခုက သူတို့ရဲ့ အဓိကရန်သူ နေတိုးအဖွဲ့ဝင် ဖြစ်သွားမှာကို ရုရှားက ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဆိုတော့ ဒီစစ်ပွဲ ဖြစ်လာရတဲ့ထဲမှာ အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဂျာမနီရဲ့ ဝန်ကြီချုပ်ဟောင်း Angela Merkel က ဟိုတနေ့က ဘီဘီစီနဲ့ ရှားရှားပါးပါး အင်တာဗျူးလုပ်တဲ့အထဲမှာ သူက ဒါကိုပြောပါတယ်။ ၂၀၀၈ မှာ ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖို့ လုပ်ခဲ့တာကို အဲဒီတုန်းက ဂျာမန်ဝန်ကြီးချုပ်အနေနဲ့ ငါ ဦးဆောင်ပြီးတော့ ကာကွယ်ပေးခဲ့တယ်။ တကယ်လို့သာ မကန့်ကွက်ခဲ့ဘဲနဲ့ ယူကရိန်းသာ အဲဒီထဲက နေတိုးအဖွဲ့ဝင် ဖြစ်သွားခဲ့တယ်ဆိုရင် ဒီစစ်ပွဲက အဲဒီထဲက ဖြစ်သွားမယ်ဆိုပြီးတော့ ပြောခဲ့တယ်။ ဒါတွေဟာ အဓိကကျတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ အခုလောလောဆယ်ကတော့ စစ်ရေး ပဋိပက္ခပေါ့လေ။
ဒီ ပဋိပက္ခကို ဒေါ်နယ်ထရန့်က ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းမယ် မသိဘူး။ သို့ပေမဲ့ နေတိုးကို သူက နည်းနည်းခပ်ခွာခွာလုပ်ဖို့နဲ့ ထိန်းဖို့ကြိုစားနေတယ်။ နေတိုးကလည်း သူကို ...လုပ်ဖို့ အပြင်းအထန် ကြိုးစားနေတယ်ဆိုတော့ အဲဒီကိစ္စထိကတော့ သူတို့လုပ်လို့ ရပါလိမ့်မယ်။ သမိုင်းနောက်ခံအရ သူတို့အစွဲ ရှိနေတယ်။ အဲ့ဒါကို ပူတင်က အသုံးချတယ်။ အများရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို သူ တက်လာကတောင် ပြောသေးတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံ၊ ရုရှား အစိတ်အပိုင်းသာ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကိစ္စတွေမှာ ရောထွေးနေတဲ့အတွက်ကြောင့် သမိုင်းနောက်ခံကိစ္စကိုလည်း ထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။ ပူတင် အလွန်ဆိုရင်တော့ မပြောတတ်ဘူး။ သမိုင်းဆိုတာ ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းရ သိပ်ခက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Forum