ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ရိုဟင်ဂျာတွေကို လက်နက်တွေတပ်ဆင်ပေးပြီး အာရက္ခတပ်တော် (AA) ကို ပြန်တိုက်ခိုက်နေတဲ့အတွက် ပဋိပက္ခတွေ ပိုပြီးဆိုးရွားလာနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ် ကိုဇာနည်စိုးက ပြောပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ထပ်မံကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေကို ကျော်ဖြတ်နိုင်ရေး မျှော်လင့်ချက်တွေက ဘာတွေလဲ။ ကိုဇာနည်စိုးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ကိုဇာနည်စိုးက မြန်မာနိုင်ငံက ထွက်လာခဲ့တာ မကြာသေးဘူးပေါ့။ လောလောလတ်လတ် ဖြစ်နေတဲ့အချိန်ဆိုတော့ အခု အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီကြားမှာ ရိုဟင်ဂျာတွေရဲ့ အခုနောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲရှင့်။
ကိုဇာနည်စိုး ။ ။ အခုနောက်ဆုံးအခြေအနေကတော့ ရိုဟင်ဂျာတွေက ကြားညှပ်တဲ့ပုံစံ ဖြစ်နေတယ်။ သူတို့က အခု ဘူးသီးတောင်ဘက်မှာ တိုက်ပွဲတွေ မရှိပေမဲ့လည်း ရိုဟင်ဂျာတွေ ကျန်နေသေးတယ်ဆိုရင် သူတို့က ကြားညှပ်တဲ့ပုံစံမျိုး - တနေရာနဲ့တနေရာ သွားလာခွင့်တော့ လုံးဝမရှိဘူး။ စစ်ကောင်စီက တစ်လတစ်ခါလောက် အဲဒီနေရာတွေ သွားစစ်တာတွေ ရှိတယ်။ ဒါကလည်း အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာမျိုး ဖြစ်တယ်။ လက်ရှိ အဓိကက ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ခံစားချက်က တော်တော်လေး ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမျိုးတစုက စနစ်တကျ ခွဲခြားဆက်ဆံခံနေရတယ်ဆိုတော့ အခု ဒီလိုမျိုး ပြန်ဆက်ဖိလာတဲ့အခါကြတော့ သူတို့ရဲ့ ခံစားချက်က မထင်မှတ်လောက်ဘဲ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါတယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ အဲဒီတော့ ရိုဟင်ဂျာ လူငယ်တွေကို အခု စစ်သားအဖြစ် စုဆောင်းခံနေရတဲ့ အခြေအနေမှာ သူတို့ကို မြန်မာစစ်တပ်ကနေ အာရက္ခတပ်တော် (AA) တပ်နဲ့ တိုက်နေတဲ့ တိုက်ပွဲတွေမှာ ရိုဟင်ဂျာလူငယ်တွေကို အတင်းအကျပ် စုဆောင်းနေတယ်။ ငြိမ်းချမ်းရေးကို လိုလားနေတဲ့ ကိုဇာနည်စိုးလို လူငယ်တဦးအနေနဲ့ ဘယ်လို နေထိုင်ကျော်ဖြတ်သင့်သလဲ။ ကိုယ့်ရဲ့အတွေ့အကြုံကို အခြေခံပြီးတော့ ဘယ်လိုလုပ်သင့်တယ်လို့ မြင်ပါသလဲရှင့်။
ဖြေ ။ ။ အဓိကကျော်ဖြတ်သင့်တာက ဘာလဲဆိုရင် ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီက တိုက်တိုင်း အရှုံးချည်း ရင်ဆိုင်နေရတဲ့ အခါကြတော့ ပထမဆုံးက စစ်တွေနဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောတို့ဘက်မှာဆိုရင် တပ်သားတွေ စုဆောင်းမယ်။ ပြီးရင် သူတို့ဆီသွားပြီးတော့မှ လက်နက်ကိုင်ရမယ်။ လက်နက်မကိုင်ရင် ဒီလိုလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်မှု့တွေ တအားကြီးလုပ်ခဲ့တာဆိုတော့ ပြည်သူလူထုက ငြင်းပိုင်ခွင့် မရခဲ့ဘူး။ သူတို့ အတင်းအဓ္ဓမနဲ့ Force Conscript လုပ်ခံရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုမျိုးအခြေအနေမှာ အဓိကက ဒီလိုမျိုး ဖိနှိပ်မှုကို ဖြေရှင်းဖို့က ဘာအရေးကြီးလဲဆိုတော့ ပထမဆုံး အာဏာရှင်တွေ အုပ်ချုပ်တဲ့ အုပ်ချုပ်သူ .... အရေးကြီးပါတယ်။ ဒီနေရာမှာ စစ်ကောင်စီရဲ့ Legitmacy and Administration မရှိဘူးဆိုရင် ဒီကိစ္စကဖြစ်ဖို့ မရှိဘူး။
မေး ။ ။ အဲဒီတော့ ကိုဇာနည်စိုးကိုယ်တိုင် ရခိုင်မြောက်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာလူငယ်တဦးရဲ့ အတွေ့အကြုံဆိုရင် ဘာတွေပြောပြနိုင်မလဲရှင့်။
ဖြေ ။ ။ အဓိကက ကျနော်ဆိုရင် (၂၀၁၆) မှာ ဆယ်တန်းအောင်ခဲ့တယ်။ အရမ်းကြီးကြိုးစားခဲ့တာပေါ့။ ရိုဟင်ဂျာဆိုတော့ ရိုဟင်ဂျာကို ဖိနှိပ်ခံရတဲ့အခါကြတော့ အခြေခံရတဲ့ ပညာသင်ကြားခွင့်ဆိုရင် ဆယ်တန်းအထိ အရမ်းပင်ပန်းခံပြီးတော့ အရမ်းဒုက္ခခံပြီးတော့ ဟိုသွားဒီသွားနဲ့ ဆယ်တန်းအောင်ခဲ့တယ်။ ဒါပေမဲ့ ရိုဟင်ဂျာမို့လို့ တက္ကသိုလ်တက်ခွင့် မရခဲ့ဘူး။ တက္ကသိုလ်တက်ခွင့် မရခဲ့ဖူးဆိုပေမယ့် Online တွေ ရလာတဲ့အခါကြတာ့ Online Platform ကနေ Opportunity တခုယူပြီးတော့မှ Online Class တွေတက်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီကနေပြီးမှ ဖြတ်သန်းခဲ့ရတဲ့အခါမှာ အခု (၂၀၁၇) မှာ မြန်မာစစ်တပ်ကနေပြီးတော့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အင်အားသုံးပြီးတော့ ဖိနှိပ်တဲ့အခါမှာ နယ်မြေရှင်းလင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနှိပ်တဲ့အခါမှာ လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်ထိ ရောက်ခဲ့တယ်ဆိုပြီး စွဲချက်တွေ ထွက်ခဲ့တယ်။ နောက်ပြီးတော့ အခုဆိုရင် ICC ကနေပြီးတော့ ရိုဟင်ဂျာတွေကို နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု့၊ နောက်ပြီးရင် ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရားစွဲနိုင်ရေး ဖမ်းဝရံထုတ်ဖို့ဆိုပြီး ICC ရှေ့နေချုပ်က ဖမ်းဝရံလျှောက်ထားချက်ကို တင်လိုက်ပြီ။ အဲ့ဒါက တကယ်တမ်းမှာ ရိုဟင်ဂျာတွေအတွက်ကို ဘယ်လို တရားမျှတမှုရဖို့အဆင့်မှာ ဘယ်လောက်ထိ အရေးပါလဲရှင့်။
ဖြေ ။ ။ ဘယ်လောက်ထိ အရေးပါလဲဆိုရင် ရိုဟင်ဂျာကို လူမျိုးတုံးသတ်ဖြတ်ဖို့ သူတို့ Plan လုပ်ထားတာက ၂၀၁၇ မှာတော့ မဟုတ်ပါဘူး။ သူတို့က ၁၉၆၂ အာဏာရှင် ဦးနေဝင်း စစ်အာဏာသိမ်းကတည်းက Systematic Plan လုပ်ထားတာကို ကျနော် တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် ၂၀၁၇ မှာပဲ ရိုဟင်ဂျာအရေးဖြစ်တော့ ကမ္ဘာက ထင်ထင်ရှားရှားနဲ့ ကြားသိခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၇ ဖြစ်ရပ်ကြောင်းမို့ ICC ကထွက်လာတဲ့ ဖမ်းဝရံအတွက်ကို လျှောက်ထားတာက ဒီ ICC ကနေ Mr. Karim Khan က လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ရိုဟင်ဂျာ Community က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီဟာသည် ရိုဟင်ဂျာတွေအတွက် သတင်းကောင်းမဟုတ်ဘဲနဲ့ မြန်မာပြည်သူပြည်သားအားလုံးအတွက်လည်း သတင်းကောင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအာဏာရှင်စနစ်သည် ရိုဟင်ဂျာ သက်သက်အတွက်ကို ရိုဟင်ဂျာကိုပဲ Target ထားပြီးတော့မှ လူ့အခွင့်အရေး ရာဇဝတ်မှု ကျူးလွန်တာတွေကို၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မဟုတ်ပါဘူး။ တနိုင်ငံလုံးကိုပဲ ကျူးလွန်းခဲ့တဲ့ စစ်တပ်ကို ICC က ဖမ်းဝရံထုတ်ဖို့ လျှောက်ထားတာက သတင်းကောင်းတခု ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတာ့ ICC က ကမ္ဘာ့ခုံရုံးက ဒီ ဖမ်းဝရံထုတ်တာသည် အာဖရိကခေါင်းဆောင်တွေပဲ မဟုတ်ဘဲနဲ့ အရှေ့တောင်အာရှထဲက ရာဇဝတ်ကောင်တွေလည်း ရှိပါတယ် ဆိုတာဟာလည်းပဲ သူတို့ ပြသခဲ့တာ ဖြစ်ပါတယ်။ နောက်တခုက ဒီလိုမျိုး ဘယ်သူပဲဖြစ်ဖြစ်၊ စစ်အာဏာရှင်ဖြစ်ဖြစ်၊ လက်နက်ကိုင်အုပ်စုထဲက ပါဝါရှိတဲ့သူပဲဖြစ်ဖြစ် ဒီလိုမျိုး ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် ရာဇဝတ်မှု ကျူးလွန်မယ်ဆိုရင် သူတို့အတွက် ကမ္ဘာကြီးရဲ့ jurisdiction စောင့်ကြည့်နေပါတယ်ဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ အခု ကိုဇာနည်စိုးက အမေရိကန်နိုင်ငံခရီးစဥ်မှာ နိုင်ငံခြားရေးဌာနက အမေရိကန်အရာရှိတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ နောက် Congress လွှတ်တော်ဘက်မှာလည်း တာဝန်ရှိတဲ့သူတွေနဲ့ ရိုဟင်ဂျာအရေး တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိနေတဲ့အခါကြတော့ အဓိက ရိုဟင်ဂျာတွေ နောက်ဆုံး ရင်ဆိုင်နေရတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဘက်က အဓိက စိုးရိမ်ချက်သည် ဘာတွေတွေ့ရလဲ။
ဖြေ ။ ။ ကျနော် သူတို့နဲ့ သွားတွေ့တဲ့အခါကြတော့ အထူးသဖြင့် အချက် (၃) ချက်ပေါ် အခြေခံပြီး ဆွေးနွေးတိုင်ပင်ခဲ့တာ ရှိပါတယ်။ ပထမတချက်က စစ်ကောင်စီကို သူတို့ဘက်က အဓိက ရိုဟင်ဂျာမကဘဲနဲ့ အခြားတနိုင်ငံလုံးမှာ ရက်ရက်စက်စက် Air Strike လုပ်နေတာကို Resolution နဲ့ Sanction ချဖို့ကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ နောက်တခုက အခု တနိုင်ငံလုံးမှာ လူသားချင်းစာနာမှု ထောက်ပံ့ပေးမှု ပြတ်တောက်နေတဲ့ဟာကို သူတို့က Humanitarian Corridor ဖြစ်ဖြစ် နယ်စပ်တလျှောက်မှာ - ရခိုင်မှာဆိုရင် ဘင်္ဂလားဒေ့ရှ် အကူအညီနဲ့ Humanitarian Corridor တခု တည်ဆောက်ပြီးတော့မှာ Humanitarian assistance ပြည်သူတွေရဖို့။ နောက်တခုက ရိုဟင်ဂျာလူမျိုးသည် အရမ်းကြီး ဖိနှိပ်ခံလူတန်းစား ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး ထိရောက်တဲ့ အဖြေတခုမရဘူးဆိုရင် တဖြည်းဖြည်း ဒီထက်ပိုဆိုးတဲ့ အလားအလာကို ကျနော် တွေ့မြင်ရတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ Safe Zone တခု - ဥပမာ UN Resolution နဲ့ China က အမြဲတမ်း မြန်မာစစ်ကောင်စီဘက်ကို ရပ်တဲ့အခါကြတော့ ပြည်တွင်းကို ပြန်ပို့မယ်ဆိုရင် သူတို့ UN Resolution နဲ့ အဆင်မပြေတဲ့အခါကြတော့ သူတို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အထူးသဖြင့် အမေရိကန်ရဲ့ အကူအညီနဲ့ပေါ့လေ ရိုဟင်ဂျာတွေအတွက် Safe Zone တခု တည်ဆောက်ပေးဖို့ ကျနော် Request လုပ်တာ ဖြစ်ပါတယ်။ သူတို့ကလည်း ဒီအပေါ်ကို အရမ်းကြီးအလေးထားပြီးတော့မှ သူတို့ ကြိုးစားမယ်လို့ ပြောပါတယ်။
မေး ။ ။ အဲဒီတော့ အခု အမေရိကန်နိုင်ငံမှာလည်း နောက်ဆို အစိုးရအပြောင်းအလဲ ဖြစ်လာတော့မယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် တက်လာမယ့် အစိုးရအနေနဲ့ကော သူတို့ ရိုဟင်ဂျာအရေးကို ဘယ်လောက်ထိ စိတ်ဝင်တစားနဲ့ အကူအညီ ပေးဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်လဲရှင့်။
ဖြေ ။ ။ အကူအညီတွေကတော့ ဆက်ရှိနေမှာပါ။ ဥပမာအနေနဲ့ဆိုရင် Constitution နဲ့ သွားနေတယ်ဆိုတော့ လူအပြောင်းအလဲပေမယ့် Constitution ပြောင်းလဲနိုင်မှာတော့ မဟုတ်ပါဘူး။ ဆိုတော့ အကူအညီတော့ ဆက်ရှိနေမှာပါ ရိုဟင်ဂျာအတွက်ကော အခြားလူနည်းစုတွေအတွက်ကော။ သူတို့ရဲ့ စိတ်ဝင်စားမှုက သူတို့ ပြောသွားတာရှိတယ်။ “ကျနော်တို့က အပြောင်းအလဲရှိရင်လည်းပဲ၊ ဒီလို လူမျိုးတုံး သတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာတွေအတွက်၊ ပြီးရင် အခြား လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့သူတွေအတွက် ကျနော်တို့ရဲ့ Support က အမြဲတမ်းရှိနေပါတယ်” - နွေဦးတော်လှန်ရေးဘက်မှာ ဆိုရင်လည်း သူတို့က အမြဲတမ်း ရပ်တည်ပါတယ်ဆိုတာကို တွေ့ရပါတယ်။
မေး ။ ။ အဲဒီတော့ အခု ကိုဇာနည်စိုးက ရိုဟင်ဂျာလူငယ်တဦး၊ လူ့အခွင့်အရေးမှာလည်း တကယ့်ကို တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတဲ့သူလည်း ဖြစ်တဲ့အတွက်ကြောင့် အခု နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ရင် ကိုဇာနည်စိုးရဲ့ ခံယူချက်ကကော ဘာလဲရှင့်။
ဖြေ ။ ။ ဒီနွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးက ကမ္ဘာမှာ ဥပမာတခု ယူလို့ရမယ့် Spring Revolution လို့ ပြောလို့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ဒီလိုမျိုး Revolution သည် ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တာလည်း ရှိပါတယ်။ သူတို့ အချိန်အတောအတွင်းတခုမှာ အောင်အောင်မြင်မြင် အောင်မြင်ခဲ့တာလည်း ကျနော်တို သွားတွေ့ရပါတယ်။ ဥပမာပြောမယ်ဆိုရင် East Timor အရှေ့တီမောမှာ ဆိုရင်လည်း ဒီလိုမျိုး Revolution ဖြစ်ပြီးတော့မှ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့အာဏာကို အဓိက ပြည်သူတွေရဲ့ leadership ကို အသုံးချခဲ့တာကြောင့် အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အဓိကထူးခြားတဲ့အချက်က ဘာလဲဆိုတော့ အကြမ်းဖက် စစ်ကောင်စီမှာဆိုရင် စစ်တမ်းအရဆိုရင် သူတို့ (၅) သိန်းတောင် မပြည့်တဲ့ စစ်တပ်ကို ကျနော်တို့ ပြည်သူတွေက (၅)သန်းလောက် ပြည်သူတွေက ဆန့်ကျင်တယ်ဆိုတဲ့ဟာသည် ကမ္ဘာမှာ သမိုင်းတွင်ခဲ့မယ်လို့ ကျနော် သုံးသပ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးသည် မကြာခင်အတွင်း အောင်မြင်ပါမယ်လို့ ကျနော် တွေ့မြင်ပါတယ်။
မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ အခု ရိုဟင်ဂျာတွေက ရခိုင်ပြည်မြောက်ပိုင်းမှာ သူတို့နေရပ်ကိုပြန်ရေးကို လိုလားတယ်။ အထူးသဖြင့် နောက်ပြီးတော့ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးကို လိုလားတယ်ဆိုတဲ့ အဓိက တောင်းဆိုချက် ဆန္ဒတွေ ရှိနေတဲ့အချိန်မှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေပေါ်မှာ ရိုဟင်ဂျာတချို့က ပြန်ပြီးတော့ အာရက္ခတပ်တော်ကို ပြန်တိုက်ဖို့ဆိုပြီးတော့ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းတာမျိုး၊ သီးသန့် ကိုယ်ဘာသာ လက်နက်ဆွဲကိုင်ပြီး တိုက်နေတဲ့ အနေအထားတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေတဲ့အခါကြတော့ ရိုဟင်ဂျာလူငယ်တဦးအနေနဲ့ အခုဖြစ်နေတဲ့ အနေအထားမှာ ရိုဟင်ဂျာတွေရဲ့ တကယ့်လိုလားချက်ကို ဘယ်လိုပြောပြနိုင်မလဲရှင့်။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ လိုလားတာက ရခိုင်ပြည်နယ်မှာ လူမျိုးပေါင်းစုံနဲ့ သဟဇာတရှိရှိ နေထိုင်နိုင်ဖို့ကို လိုလားပါတယ်။ အဲဒီတော့ ဘယ်သူ ဘာပဲလုပ်လုပ် ဥပမာအားဖြင့် စနစ်တကျ ခွဲခြားဆက်ဆံခံနေရတဲ့ လူတွေကြတော့ ဘယ်သူပဲဖြစ်ဖြစ် brainwashed လုပ်ခံထားကြတဲ့လူတွေ၊ သူတို့ ပညာရေးအတွက် ပြင်ထားတယ် - သူတို့မှာ အတွေးအခေါ်နည်းပါးအောင် လုပ်ထားတယ်။ အဲဒီတော့ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၁၇ မှာ ရောက်ခဲ့ကြတဲ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လူတစ်သန်းလောက်က သူတို့ရဲ့ အဓိကဆန္ဒက မြန်မာနိုင်ငံတွင်း သူတို့ရဲ့ မူရင်းနေရာမှာ အတူတကွ တခြားလူမျိုးစုတွေနဲ့ အတူယဉ်တွဲနေထိုင်ရေးကို ပိုပြီးအဓိကထားပြီးတော့ အဲဒီလိုမျိုး စောင့်မျှော်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခုကံဆိုးတာက ဒီလိုမျိုး ပဋိပက္ခတွေကို ဖြေရှင်းဖို့ဆိုရင် Conflict Resolution Theory ကို ထုတ်ထားတဲ့ Dr. William က ဘာပြောလဲဆိုတော့ Conflict တစ်ခုကို ဖြေရှင်းဖို့ဆိုရင် နှစ်ဘက် Bilateral Peace Willingness ရှိဖို့ လိုတယ်လို့ ပြောပါတယ်။ တဘက်က နေရပ်ပြန်ချင်ပြီး အတူတကွနေထိုင်ချင်တယ်။ သဟဇာတရှိရှိ နေထိုင်ချင်တယ်။ ဒါပေမဲ့ တဘက်က ဒါကို Ignore ဥပေက္ခာ လုပ်လိုက်မယ်ဆိုရင် ဒါကို စိတ်မဝင်စားဘူးဆိုရင် စိတ်ဆန္ဒ မရှိဘူးဆိုရင်လည်း ပဋိပက္ခကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ဒီကိစ္စမှာဆိုရင်လည်း ရိုဟင်ဂျာနဲ့ အခြားကွန်မြူနီတီတွေနဲ့ နှစ်ဘက်ပေါင်းပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို သွားမယ်ဆိုရင် ဒီကိစ္စကို အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရခိုင်ပြည် တည်ဆောက်ရေးကို သွားနိုင်မယ်လို့ ကျနော် သုံးသပ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုလိုမျိုး မေးတဲ့မေးခွန်းတွေကို အချိန်ပေးပြီး ဖြေကြားပေးတဲ့ ကိုဇာနည်စိုးကို ကျမတို့ အများကြီးကျေးဇူးတင်ပါတယ်။
ကိုဇာနည်စိုး ။ ။ အခုလို တကူတက ဖိတ်ခေါ်မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Forum