သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု လျော့နည်းလာစေရေး စစ်ကောင်စီက ဦးတည်ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်ပြောဆိုချက် မှန်၊မမှန်


နေပြည်တော်မှာကျင်းပတဲ့ ၂၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဒီဇင်ဘာ ၉၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၂၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဒီဇင်ဘာ ၉၊ ၂၀၂၄)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီခေါင်းဆောင်

မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်စေရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ ပြောပါတယ်။

“မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း။”

ဒါက မှားယွင်းနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်က အဂတိလိုက်စားမှုလျော့နည်းလာစေရေး ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုပေမယ့် စစ်အာဏာသိမ်းမှုအလွန်မှာ မြန်မာနိုင်ငံတဝန်းမှာ အဂတိလိုက်စားမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေတယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထောက်ပြထားကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အနေနဲ့ နိုင်ငံရေးမကျေလည်မှုကြောင့် ဖမ်းဆီးမှုတွေမှာ အဂတိလိုက်စားမှုအကြောင်းပြချက်တွေနဲ့ အမူဖွင့်ခဲ့တဲ့ အခြေအနေလည်း ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုကို မဲမသမာမှုအဖြစ်အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပေမယ့် အဂတိလိုက်စားမှုတွေနဲ့ ပါ အမှုဖွင့်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက်ပြီး လ အတွင်းမှာတင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ပါတီအစိုးရအဖွဲ့ဝင် ၁၆ ဦးထက်မနည်းကို အဂတိအမှုတွေတပ်ပြီး အရေးယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့တွင်းက ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာလည်း အဂတိလိုက်စားမှုတွေနဲ့ အရေးယူခံရသူတွေရှိပါတယ်။ စစ်ကောင်စီရဲ့ ထိပ်တန်းနေရာတွေမှာ ရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး အဂတိအမှုတွေနဲ့ အရေးယူထားပါတယ်။ ဒီစစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုနာမည်တွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ နဲ့ စီမံကိန်းရယူမှုတွေမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တာကြောင့် အရေးယူတာ​ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ သားသမီးတွေအပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ကြီးကြီးမားမားရှိနေပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့သမီးပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုထက်မနည်းကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထား ပါတယ်။ Everfit Company Limited,Seventh Sense Company Limited, Sky One Construction Company Limited ,The Yangon Gallery ,The Yangon Restaurant ,A&M Mahar Company Limited တွေဟာ အရေးယူပိတ်ဆို့ခြင်းခံထားရတဲ့ စစ်ခေါင်းဆောင်ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

မြန်မာစစ်တပ် စစ်သားများ၏ လစာများထဲမှ အသက်အာမခံကြေး ပုံမှန်ရယူနေတဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီကိုလည်း စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံက ရှယ်ယာအများဆုံး ပိုင်ဆိုင်နေတယ်လို့ သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ လက်နက်ပွဲစားလုပ်ကိုင်မှု၊ မူးယစ်ကုန်ကူးမှုများနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ထွန်းမင်းလတ် ဖမ်းဆီးခံရချိန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဖြစ်သူတိုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိတယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။ ထွန်းမင်းလတ်နဲ့ အပေါင်းအပါတွေဟာ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ဦးထွန်းမင်းလတ်ဟာ အငြိမ်းစားဒုဗိုလ်မှူးကြီး ခင်မောင်လတ်ရဲ့ သားဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ မှာ ယူကေနိုင်ငံက အရေးယူဒဏ်ခတ်ခဲ့တဲ့ Star Sapphire Group of Companies နဲ့ မြန်မာစစ်တပ်အကြား အဖွဲ့အစည်းပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေ ထင်ထင်ရှားရှားရှိထားတဲ့အပြင် ထွန်းမင်းလတ်၊ ဇနီးဖြစ်သူ ဝင်းမင်းစိုးတို့နဲ့ စစ်အုပ်စု ခေါင်းဆောင်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ မိသားစုတို့ကြား ဆက်နွယ်မှုတွေလည်း ထင်ထင်ရှားရှား ရှိနေတယ်လို့ Justice For Myanmar က ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ထုတ်ပြန်ပါတယ်။ Star Sapphire Group of Companies နဲ့ ဆက်စပ်လုပ်ငန်းခွဲတွေထဲမှာ ပါဝင်တဲ့ Royal Mawtaung Mining ကုမ္ပဏီမှာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်က တည်ထောင်သူအဖြစ်ပါဝင်ပါတယ်။

ISP Myanmar က ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်တမ်းကောက်ယူမှုတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ မြင်ကွင်းအစီစဉ်မှာဖေါ်ပြပါတယ်။ မြို့နယ်ပေါင်း (၁၁၀) ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ၆၇ ရာခိုင်နူန်းကနေ ၉၁ ရာခိုင်နူန်းအထိမှာ အဂတိလိုက်စားမှုတွေရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။ အဲ့ဒီ လာဘ်ပေးလာဘ်ယူမှုတွေဟာ မြို့နယ်အဆင့် စစ်ကောင်စီရုံးတွေမှာ အများဆုံးဖြစ်တယ်လို့လည်း ထည့်သွင်းဖေါ်ပြထားပါတယ်။

မြန်မာ့အဂတိလိုက်စားမှုညွှန်းကိန်း မြင့်မားနေ
please wait

No media source currently available

0:00 0:02:40 0:00

ဂျာမနီအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်နဲ့ စီးပွားရေးဆိုင်ရာ လေ့လာစောင့်ကြည်မှု ပလက်ဖောင်း (Statista ) က ၂၀၂၃ ခုနှစ်အတွက် အဂတိလိုက်စားမှု ညွှန်းကိန်းထုတ်ပြန်ချက်မှာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အဂတိလိုက်စားမှု အများဆုံးအဖြစ် ​ဖေါ်ပြထားပါတယ်။

ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က မြန်မာ့အဂတိလိုက်စားမှု ညွှန်းကိန်းဟာ မြင့်မားနေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်မှုမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၅၇ မှာ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နောက်ပိုင်းမှာ စစ်မှုထမ်းခေါ်ယူမှုနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ ငွေကြေးအတင်းအဓမ္မကောက်ခံမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုပေမယ့် စစ်တပ်အကျိုးတူ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေအပါအဝင်၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေ ပိုမိုရရှိနေပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှု (၄) နှစ်တာ နီးပါးအတွင်း စစ်ကောင်စီအနေနဲ့ နိုင်ငံရေးမကျေလည်မှုတွေကို အရေးယူရာမှာ အဂတိလိုက်စားမှု ပုဒ်မတွေကို အသုံးပြုပြီး အရေးယူထောင်ချမှုတွေ လုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

XS
SM
MD
LG