FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်မက်ဒရစ် နဲ့ ဘရာဇီးတိုက်စစ်မှူး Vinicius Jr. က ရရှိသွားခဲ့ပါတယ်။
Vinicius ဟာ ရီးယဲလ်အသင်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေရခဲ့တဲ့နေရာမှာ အဓိက ကစားသမားဖြစ်ခဲ့တာကြောင့် ၂၀၂၄ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုရသွားခဲ့တာပါ။
ဒါဟာ ၂၀၀၇ ခုနှစ်က ဘရာဇီးကွင်းလယ်ကစားသမား ကာကာ နောက်ပိုင်း ဘရာဇီးကစားသမားတွေထဲက ဖီဖာရဲ့တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Vinicius ဟာ စုစုပေါင်း ၄၈ မှတ် နဲ့ အမှတ်အများဆုံးရပြီး မန်စီးတီး နဲ့ စပိန်ကွင်းလယ်လူ ရိုဒရီက ၄၃ မှတ် ဒုတိယ၊ အင်္ဂလန် နဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဟမ်က ၃၇ မှတ် နဲ့ တတိယ ရသွားခဲ့ပါတယ်။
အမျိုးသမီးဘက်က ဖီဖာတနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာကစားသမား Aitana Bonmati က ရသွားခဲ့ပါတယ်။ Bonmati က ဒီနှစ်မှာ ၅၂ မှတ် နဲ့ ပထမရသွားတာကြောင့် ဖီဖာရဲ့ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို ၂ နှစ် ဆက်တိုက်ရသွားခဲ့ပါတယ်။ ဇမ်ဘီယာတိုက်စစ်မှူး Barbara Banda က ဒုတိယ နဲ့ နော်ဝေးတောင်ပံတိုက်စစ်မှူး Caroline Graham Hansan က တတိယရပါတယ်။
နည်းပြတွေထဲမှာတော့ အမျိုးသားဘက်က အကောင်းဆုံးနည်းပြဆုကို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလား နဲ့ လာလီဂါချန်ပီယံ ၂ ခုကို ရခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ Carlo Ancelotti က ရသွားခဲ့ပြီး အမျိုးသမီးဘက်က တနှစ်တာ အကောင်းဆုံးနည်းပြဆုကိုတော့ ပဲရစ်အိုလံပစ်အမျိုးသမီးဘောလုံးပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ အမေရိကန်အမျိုးသမီးအသင်းနည်းပြ Emma Hayes က ရသွားခဲ့ပါတယ်။
အကောင်းဆုံးဂိုးသမားဆုတွေကိုတော့ အမျိုးသားဘက်မှာ အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာ ဂိုးသမား Emiliano Martinez က ရပြီး၊ အမျိုးသမီးဘက်က အကောင်းဆုံး ဂိုးသမားဆုကိုတော့ အမေရိကန်အမျိုးသမီးအသင်းရဲ့ဂိုးသမား Alyssa Naeher က ရသွားခဲ့ပါတယ်။
အခုနှစ်မှ ပထမဆုံး စတင်ချီးမြှင့်တဲ့ အမျိုးသမီးဘက်က တနှစ်တာ အကောင်းဆုံးဂိုးဆု Marta ဆုကိုတော့ ဘရာဇီးတိုက်စစ်မှူး Marta ကိုယ်တိုင်ရသွားခဲ့ပါတယ်။ အမျိုးသားဘက်က တနှစ်တာ အကောင်းဆုံးဂိုးဆု (Puskas Award) ကိုတော့ အာဂျင်တီးနားနဲ့မန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်မှူး Alejandro Garnacho က အဲဗာတန်နဲ့ပွဲမှာ လေထဲမှာ နောက်ပြန်ကျွမ်းထိုးပြီး ကန်သွင်းတဲ့ ဂိုးနဲ့ရသွားခဲ့ပါတယ်။
ဖီဖာရဲ့ တနှစ်တာအကောင်းဆုံး ပရိသတ်ဆုကိုတော့ ဘရာဇီးနိုင်ငံက ဗာစကိုဒဂါးမားအသင်းရဲ့ ၈ နှစ်အရွယ် ပရိသတ် Guilherme Gandra Moura ရသွားခဲ့ပြီး၊ အသန့်ရှင်းဆုံးဆု Fair Play ဆုကိုတော့ ဘရာဇီးနိုင်ငံက အင်တာနေရှင်နယ် (Internacional) အသင်း ကွင်းလယ်ကစားသမား Thiago Maia က ရသွားခဲ့ပါတယ်။ အခုနှစ် အစောပိုင်းက ဘရာဇီးနိုင်ငံမှာရေကြီးတဲ့အချိန်မှာ Thiago Maia က ရေဘေးကယ်ဆယ်ရေးအကူအညီတွေပေးခဲ့တာကြောင့် အခုလို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
Forum