သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးအားကစားနဲ့ဆွဲဆောင်ထားတဲ့ ပညာသင်ကြားမှုပုံစံ


FBL-BRAZIL-EDUCATION-VINICIUS JR အင်စတီကျုကထုတ်တဲ့ အပလီကေးရှင်းနဲ့ ဖုန်းတွေကတဆင့် ပညာသင်ကြားနေကြတဲ့ ဘရာဇီးလ်ကျောင်းသူကျောင်းသားများ။
FBL-BRAZIL-EDUCATION-VINICIUS JR အင်စတီကျုကထုတ်တဲ့ အပလီကေးရှင်းနဲ့ ဖုန်းတွေကတဆင့် ပညာသင်ကြားနေကြတဲ့ ဘရာဇီးလ်ကျောင်းသူကျောင်းသားများ။

ဘရာဇီးနိုင်ငံက လူငယ်တွေပညာသင်ကြားနိုင်မယ့် ကွန်ပျူတာ နည်းပညာဆော့ဖ်ဝဲ Applications တခုကို ဘရာဇီးတိုက်စစ်မှူး Vinicius Jr. ရဲ့ ပညာရေးအင်စတီကျုက တီထွင်ဖန်တီးလိုက်ပါတယ်။ ဒီ Application ကို လူငယ်တွေစိတ်ဝင်စားအောင် ဘောလုံး အားကစားနဲ့ ဆက်စပ်ဖန်တီးထားပြီး ပညာသင်ကြားဖို့အပြင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက်ပါ ရည်ရွယ်ထားတာဖြစ်ပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဘောလုံးကို အရူးအမူးသဘောကျတဲ့ ဘရာဇီးနိုင်ငံက မူလတန်းကျောင်းတခုမှာ ကျောင်းသူကျောင်းသားတွေဟာ ဘောလုံးကွင်းလို ပုံဖော်ထားတဲ့ စာသင်ခန်းတွေမှာ ပညာသင်နေကြပါတယ်။ ကျောင်းသားတွေဟာ မြက်ခင်းတုခင်းထားတဲ့ စာသင်ခန်းထဲက ဘောလုံးပုံ ထိုင်ခုံ ကူရှင်တွေပေါ်မှာထိုင်ပြီး တယ်လီဖုန်းတွေ၊ ကွန်ပျူတာ Tablets တွေနဲ့ စာသင်နေကြတာဖြစ်ပါတယ်။ အဲဒီမှာတော့ ဘရာဇီးတိုက်စစ်မှူး Vinicius Jr. ပညာရေး အင်စတီကျုက ဖန်တီးလိုက်တဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ Applications ကို သုံးပြီးတော့ သင်နေကြတာဖြစ်ပါတယ်။

Thallya Francisco Vieira က ၁၀ နှစ်အရွယ် ကျောင်းသူတဦး ဖြစ်ပါတယ်။

"ဒီ Application အရမ်းကောင်းပါတယ်။ ဒီကနေ ကျမ အများကြီး လေ့လာသင်ယူရပါတယ်။ Vinicius Jr. ကလည်း အရမ်းတော်တယ်လို့ ထင်ပါတယ်။"

ဒီ Application က ကျောင်းသားတွေ အဖြေတခုမှန်တိုင်း အဖြေမှန်ကြောင်းကို အင်တာနက်ကနေ ဖန်တီးထားတဲ့ Vinicius Jr. ရဲ Avatar ကိုယ်စားရုပ်ပုံက ချီးကျူးထောပနာပြုပြီး ကလေးတွေစာသင်ချင်စိတ်ဖြစ်အောင် လုပ်ထားတယ်လို့ ပြောပါတယ်။
Victor Oliveira - Vinicius Jr. ကတော့ ပညာရေး အင်စတီကျုက အမှုဆောင်မန်နေဂျာတယောက်ပါ။

"App ထဲမှာပါတဲ့ဟာတွေက သင်္ချာနဲ့ ပေါ်တူဂီ ဘာသာရပ်တွေ... စတာတွေနဲ့ ဆိုင်တဲ့ဟာတွေပါ။ ဒါက ဘောလုံးတို့အားကစားတို့နဲ့လည်း တိုက်ရိုက် ဆက်စပ်မှုရှိပါတယ်။ ကျနော်တို့က ကလေးတွေ စာသင်ချင်စိတ်ဖြစ်လာအောင် ဘောလုံးရဲ့ အစွမ်းသတ္တိတွေနဲ့ သဘောကျစရာကောင်းတဲ့အရာတွေကိုသုံးပေးထားပါတယ်။"

ဒီ Application ကိုတော့ ဆင်းရဲပြီး အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝိုင်းကသူတွေ ပညာရေးတိုးတက်လာအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Vinicius Jr. ပညာရေးအင်စတီကျုက ပြည်နယ် ၄ ခုမှာရှိတဲ့ ကျောင်း ၁၀ ကျောင်းကို ပညာရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

ဆရာမတဦးဖြစ်တဲ့ Mariana Carlos Alves ကလည်း အခုလို ပြောပါတယ်။

"Vinicius Jr ဟာ ဆာအိုဂွန်ဆာလိုမြို့ကလာတဲ့ ကစားသမားပါ။ ဆိုတော့ သူ့အနေနဲ့ အများကြီးဆင်ခြင်သုံးသပ်နိုင်ပြီးတော့ ပိုပြီးကောင်းမွန်တဲ့၊ ပိုပြီးတော့တောက်ပတဲ့ အနာဂတ်တွေကို ပေးနိုင်ပါတယ်။ ကျမတို့အနေနဲ့ ကျောင်းတွေမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်နိုင်တယ်၊ အခွင့်အလမ်းနည်းပါးတဲ့ကလေးငယ်တွေနဲ့ အစိုးရကျောင်းတွေမှာ ပညာသင်နေတဲ့ကလေးတွေကို ပညာပေးဖို့ ဖြစ်နိုင်တယ်ဆိုတာကို သူသိတယ်။ အဲဒီလိုပညာပေး လိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ လေးစားခံရတဲ့သူတွေအဖြစ် ကြီးပြင်းလာကြမှာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ ဒါမျိုးကမဖြစ်နိုင်ပါဘူး။"

၂၀၂၁ မှာ စတင်လိုက်တဲ့ Vinicius Jr. ပညာရေးအင်စတီကျုရဲ့ ဒီစီမံကိန်းကနေ ကျောင်းသား ၄,၅၀၀ ကျော်နဲ့ ဆရာ၊ ဆရာမ ၅၀၀ ကျော်အတွက် အကျိုးအမြတ်တွေရရှိခဲ့ပြီး အခုနှစ်အကုန်မှာတော့ ကျောင်း ၃၀ လောက်အထိကို အကူအညီတွေပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဆရာမ Mariana Carlos Alves ကပဲ အခုလို ပြောပါတယ်။

"ကျမတို့က တခုနဲ့တခု ချိတ်ဆက် ဆက်စပ်နေတဲ့ ကမ္ဘာကြီးမှာနေနေကြတာဆိုတော့ ကလေးတွေအနေနဲ့ နည်းပညာတွေကို ရရှိအသုံးပြုနိုင်ဖို့လိုပါတယ်။ သူတို့အနေနဲ့ မကြာခဏဆိုသလို အိမ်တွေမှာ လက်ကိုင်ဖုန်းတွေ၊ တက်ဘလက်တွေလိုမျိုး နည်းပညာတွေကို အသုံးမပြုနိုင်တာတွေရှိပါတယ်။ ဆိုတော့ ဒါမျိုးတွေကို ကလေးတွေအသုံးပြုဖို့ ပေးနိုင်တာဟာ သိပ်ကောင်းပြီး သူတို့ကလည်း စိတ်ဝင်စားကြပါတယ်။"

ဒီ Application ကိုတော့ သင် ထောက် ကူ ပစ္စည်းတခုအနေနဲ့ပဲ အသုံးပြုဖို့ ဖန်တီးထားတာဖြစ်ပြီး ဆရာ၊ ဆရာမတွေနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ကျောင်းသားတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကျောင်း account တွေရှိကြပြီး အဲဒီကနေ သင်္ချာ၊ သိပ္ပံနဲ့ ပေါ်တူဂီဘာသာရပ်တွေနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကို ဘောလုံးကစားနည်း၊ ဂိမ်းပုံစံတွေလိုမျိုး လုပ်ထားသလို သူတို့ရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းတွေကိုလည်း အဲဒီမှာပဲ ဖြည့်ထားပါတယ်။

၁၁ နှစ်အရွယ် ကျောင်းသူလေး Ana Clara da Silva - က ဒီပလီကေးရှင်းသုံးတဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

"သင်္ချာနဲ့ ပေါ်တူဂီဘာသာတွေကို သင်ရပြီး တချို့သင်္ချာပုစ္ဆာတွေဆို တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ဒီ Application ကို သုံးတဲ့အခါမှာ ကျမအတွက် သင်ရတာပိုအဆင်ပြေပြီး ပိုပြီးတော့ လွယ်ပါတယ်။ ဒါက ဂိမ်းကစားရတာနဲ့ တူပါတယ်။"

ဘောလုံးပွဲတွေမှာလိုပဲ ကျောင်းပညာသင်နှစ်တနှစ်ချင်းစီကို ဘောလုံးရာသီတခုလို သတ်မှတ်ပြီး ဘာသာရပ်တခုချင်းစီတိုင်းကိုတော့ ပွဲတခုလို သတ်မှတ်ဖော်ပြတာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ အဖြေတခုမှန်တိုင်း Vinicius Jr. Avatar ကိုယ်စားရုပ်ပုံက Goal လို့ အော်ပြီး အောင်ပွဲခံတာဖြစ်ပါတယ်။

၁၁ အရွယ်ကျောင်းသားလေး Yuri Rodrigues - က အခုလို ပြောပါတယ်။

"ကျနော်တို့ လေ့လာသင်ယူခဲ့တာတွေအကုန်လုံးကို Applications ပေါ်မှာ လေ့ကျင့်ကြပါတယ်။ ကျနော်တို့က ဖုန်းရဲ့ App တွေကနေ သင်နေတာဖြစ်ပြီး ဖုန်းနဲ့ အမြဲချိတ်ဆက်နေတာကြောင့် သင်ကြားမှုနဲ့ အဆက်မပြတ်ဘဲ သင်ကြားမှုတွေမှာ ကျနော်တို့ကို အထောက်အကူဖြစ်စေပါတယ်။"

ဒီပညာရေးအင်စတီကျုကို အစောပိုင်းကတော့ Vinicius Jr. ကပဲ ရန်ပုံငွေသီးသန့်ထောက်ပံ့တာဖြစ်ပေမယ့်လည်း အခုအခါမှာတော့ တခြားက ငွေကြေးအကူအညီတွေကိုပါ လိုအပ်လာနေပါတယ်။

ဒါ့အပြင် ဒီပညာရေးအင်စတီကျုကို ဘရာဇီးနိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှု အန္တရာယ်တွေကို တိုက်ဖျက်ဖို့အတွက်ရည်မှန်းထားပြီး လူမျိုးရေးခွဲခြားမှုဆန့်ကျင်တိုက်ဖျက်ရေး လက်စွဲစာအုပ်ကို ထုတ်ဝေခဲ့သလို ဆရာ ဆရာမ ၈၀ လောက်ကိုလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တာနဲ့ပတ်သက်တဲ့သင်တန်းတွေ မနှစ်ကပေးခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှု ပြဿနာက ဘရာဇီးတိုက်စစ်မှူး Vinicius Jr. ကိုယ်တိုင် စပိန်နိုင်ငံမှာ မကြာခဏ ရင်ဆိုင်နေရတာဖြစ်တဲ့အကြောင်း ဆရာမ Mariana Carlos Alves က ပြောပါတယ်။

"Vinicius ရင်ဆိုင်ရတဲ့ လူမျိုးရေးခွဲခြားမှုတွေက ကျမတို့အတွက် လူမျိုးရေးခွဲခြားမှုကို ပိုပြီး ဆန့်ကျင်တိုက်ဖျက်သွားဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဒါကို အရှုံးမပေးဘဲ ရှေ့ကိုဆက်ပြီး ဒီအတိုင်း တိုက်ပွဲဝင်နေတယ်ဆိုတာမြင်ရတာက ကလေးတွေအတွက်တော့ ကျမတို့အနေနဲ့ လူမျိုးရေးခွဲခြားမှုကို ဆက်လက်ခုခံပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတာပါ။"

Vinicius က သူတို့အတွက် အရမ်းအရေးကြီးပြီး သူ့အနေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို အရှုံးမပေးဘဲ ဆက်လက်တိုက်ပွဲနေတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ အသက် ၁၁ အရွယ် ကျောင်းသူ Ana Clara က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ Vinicius Jr. ဟာ သူရဲ့ ပရဟိတလုပ်ငန်းတွေကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ Socrates ဆု ကို ရရှိခဲ့သလို ပြီးခဲ့တဲ့လကလည်း သူ့ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ (UNESCO) အဖွဲ့ရဲ့ ချစ်ကြည်ရးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဘရာဇီးနိုင်ငံမှာတော့ ပီလီပြီးရင် ဒုတိယမြောက် ခန့်အပ်ခံရတဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG