ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al Assad အစိုးရ ပြတ်ကျပြီးနောက် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆီးရီးယားနိုင်ငံသားတွေကိုယ်တိုင် ဦးဆောင်ဖို့နဲ့ လွတ်လွတ်လပ်လပ်၊ ဒီမိုကရေစီနည်းကျကျ တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်နိုင်ရ မယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပြောဆိုလိုက်ပါတယ်။
အသွင်ကူးပြောင်းရေးမှာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်တခုရေးဆွဲဖို့နဲ့ ရွေးကောက်ပွဲကိုကုလသမဂ္ဂကြီးကြပ်လုပ် ဆောင်ဖို့ စတဲ့အချက်တွေပါဝင်တဲ့ ၂၀၁၅ ခုနှစ်ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အတိုင်းလုပ်ဆောင်ဖို့ မနေ့ကအင်္ဂါနေ့မှာကျင်းပတဲ့လုံခြုံရေးကောင်စီအစည်းဝေးပြီး၊ ညနေပိုင်းမှာထုတ်ပြန်တဲ့ ကြေငြာချက်ထဲ မှာတိုက်တွန်းထားပါတယ်။ IS အစ္စလမ်းမစ်စစ်သွေးကြွတွေ ပြန်ပြီးခြေကုတ်ယူ အင်အား တည်ဆောက်တာမျိုးမလုပ်နိုင်အောင်တားဆီးဖို့ ကိုလည်းတိုက်တွန်းထားပါတယ်။
ဒါ့အပြင်ဆီးရီးယားနဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လုံခြုံရေးအရ အားနည်းချက်တွေဖြစ်ပေါ်စေတာမျိုးကိုရှောင်ရှားကြဖို့ တိုက်တွန်းထားပြီး၊ အထူးသဖြင့် ဆီးရီးယားနဲ့ အစ္စရေးအနေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေကြီးကြပ်နေတဲ့ ကြားခံနယ် ဂိုလန်ကုန်းမြင့် ဒေသရဲ့လုံခြုံရေးကို အန္တရယ်မပြုဖို့ လုံခြုံရေးကောင်စီကသတိပေးထားပါတယ်။
ဆီးရီးယားရဲ့အခြေအနေဟာ တည်ငြိမ်ခိုင်ခန့်ခြင်းမရှိသေးဘဲ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်၊ ဒါကြောင့် အာလုံးပါဝင်တဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှုတရပ်မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာအောင်လုပ်ဆောင်ဖို့လိုပါ တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Geir Pederson ကလုံခြုံရေးကောင်စီအစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် အစ္စရေးအနေနဲ့ ဆီးရီးယားအသွင်ကူးပြောင်းရေးကို ထိခိုက်အောင်မလုပ်ဖို့ အထူးကိုယ်စားလှယ် Pederson အပါအဝင်လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကသတိပေးပါတယ်။ ဂိုလန်ကုန်းမြင့်ဒေသမှာ အစ္စရေးကနယ်ပယ် ချဲ့ထွင်လာတာနဲ့ ဒီဇင်ဘာ ၈ ရက် သမ္မတအာဆတ်ပြုတ်ကျပြီးနောက်ပိုင်းမှာတင် အစ္စရေးက ဆီးရီးမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၅၀ ကျော်ပြုခဲ့တာတွေကိုလုံခြုံရေး ကောင်စီကထောက်ပြ ပြောဆိုခဲ့ တာဖြစ်ပါတယ်။