မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဆောက်အဦးတခုထဲမှာ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အမှတ်အသားတွေပါတဲ့ ရိက္ခာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကို ကြားသိရပေမယ့် လက်ရှိမှာ သွားလာရေး ခက်ခဲနေသေးတဲ့အတွက် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဒီဇင်ဘာ ၁၈ ရက်၊ ဒီကနေ့ရက်စွဲနဲ့ WFP က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လတုန်းက အဲဒီ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ WFP ရဲ့ သိုလှောင်ရုံ ဖောက်ထွင်း လုယက်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်ဆိုတာကို အဲဒီ ကြေညာချက်မှာ အတည်ပြု ပြောဆိုထားပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့မှုအတွက် အရေးပေါ် လိုအပ်နေသူတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ထိခိုက် နစ်နာစေတယ်လို့ ဆိုပါတယ်။
အကူအညီလိုအပ်နေသူ ပြည်သူလူထုအတွက် ရည်ရွယ်ထားတဲ့ ဒီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလွဲသုံးစား ပြုလုပ်တာတွေဟာ လက်ခံနိုင်စရာမရှိကြောင်းလည်း WFP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပဋိပက္ခမှာ ပါဝင် ပတ်သက်နေသူတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ စာနာမှုဆိုင်ရာ အကူအညီပေးနေသူ ဝန်ထမ်းတွေနဲ့ အထောက်အပံ့တွေကို ကာကွယ် စောင့်ရှောက်ပေးကြဖို့ WFP က တောင်းဆိုလိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပြင် ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် နိုင်ငံအနှံ့ ငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှု အခြေအနေတွေ ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ အခု ၂၀၂၄ ခုနှစ်အတွင်းမှာဘဲ နိုင်ငံတစ်ဝန်းက လူဦးရေ ၁ ဒဿမ ၇ သန်းကို WFP က စားနပ်ရိက္ခာအထောက်အပံ့တွေ ပေးပို့ ကူညီခဲ့ပြီးဖြစ်ကြောင်းလည်း WFP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။