ထိုင်းနိင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ပြစ်ဒဏ်ကျခံပြီးနောက် ဌာနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသားတွေ စစ်သားစုဆောင်းခံရကြောင်း မိသားစုဝင်တွေက ပြောကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိင်ငံ ရနောင်းမြို့ လဝကအချုပ်ခန်းမှာ ပြစ်ဒဏ်ကျပြီးလွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၂၁၉ ဦးကို မြန်မာနိုင်ငံကော့သောင်းမြို့ဘက်ကို ပြန်လွှတ်ပေးခဲ့ရာမှာ ကော့သောင်းရောက်ချိန် မြန်မာစစ်တပ်က အမျိုးသမီးတွေကိုသာ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားအားလုံးနီးပါးကို စစ်တပ်ရဲ့ ခလရ ၂၆၂ ထဲခေါ်သွားပြီး စစ်မှုထမ်းဖို့လုပ်ဆောင်ခဲ့တယ်လို့ မိသားစုတွေကဆိုပါတယ် ။ အဲဒီနေ့ကတော့ အမျိုးသမီးတွေကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားအားလုံးနီးပါးကို ငွေနဲ့ရွေးထုတ်ခိုင်းသလိုလုပ်ပြီးမှ ငွေလည်းယူ ပြန်လည်း မလွှတ်ပေးတာတွေကိုလုပ်ခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ ကော့သောင်းဒေသခံတဦးကပြောပြပါတယ်။
"အမျိုးသမီးတွေကိုတော့လွှတ်လိုက်တယ် ကျန်တဲ့အမျိုးသားတွေကိုတော့ ခလရ ၂၆၂ ကိုခေါ်သွားပြီးမှ ငွေနဲ့ပြန်ရွေးလို့ရမလိုပြောတယ်၊ ပိုက်ဆံတော့ပေးလိုက်ရတယ်၊ တပ်ထဲက တပ်သားတွေက ပိုက်ဆံပေးရင် ပြန်လွှတ်ပေးမယ်ပြောတယ်၊ ပြီးတော့ပိုက်ဆံယူပြီး ပြန်လည်းမလွှတ်ပေးဘူး၊တကယ်တကယ့်ကျတော့ပြန်မလွှတ်ပေးဘူး၊ လူကျတော့လည်းမြိတ်ကိုပို့လိုက်တယ်ပြောတယ်"
အမျိုသားတွေကိုတော့ ဆေးစစ်ပြီး အသက်ကြီးတဲ့သူ ၂ ဦးကိုသာလွှတ်ပေးခဲ့ပြီး အားလုံးနီးပါးကို မြိတ်စစ်လေ့ကျင့်ရေးစခန်းကိုခေါ်သွားတယ်လို့လည်း ဆက်ပြောပြပါတယ်။
"ဟိုကျတော့ဆေးစစ်တာလုပ်တယ် အဲဒီ ၂၁၉ယောက်ထဲက အသက်ကြီးပိုင်း ၂ယောက်ကို လွှတ်ပေးတယ် အဲဒီမှာဆေးစစ်တာက အောင်သည်ဖြစ်စေ ဆေးမအောင်သည်ဖြစ်စေကို အကုန်လုံးကိုမြိတ်ကို ပို့တယ် စစ်လေ့ကျင့်ရေးစခန်းကိုပို့တဲ့သဘောပါဗျ"
မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေ ထွက်လာပြီးကတည်းက လူငယ်တွေကို အတင်းအကျပ်စစ်မှုထမ်းခိုင်းတာတွေလည်းလုပ်နေသလို အခု နေရပ်ပြန်ပို့ခံရတဲ့သူတွေမှာအသက် ၁၈နှစ်ကနေ အသက် ၄၀ကြားလူငယ် လူလတ်ပိုင်းတွေများတဲ့အတွက် စစ်ထဲကိုအတင်းအကျပ် ခေါ်သွားတာဖြစ်တယ်လို့လည်းမိသားစုဝင်တွေကဆိုပါတယ်။ ထိုင်းဘက်ကတော့ တရားမဝင် ခိုးဝင်လာသူတွေကိုဖမ်းဆီးပြီး ၄၅ ရက်ထောင်ချကာ နေရပ်ပြန်ပို့နေတာပါ ။ဒီထဲမှာ နေ့စဉ်မြန်မာတွေဖမ်းမိနေတာဖြစ်ပြီးလတိုင်း ရာနဲ့ချီပြီး ဖမ်းဆီးခံနေရပါတယ် ။ ထိုင်းဘက်ကနေ ရနောင်းလူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်ကနေ တလကို ၂ ကြိမ်ခန့်နေရပ်ပြန်ပို့နေရာမှာ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့စာရင်းအရ နိုဝင်ဘာလထဲမှာမြန်မာ ၃၆၀ ကိုနေရပ်ပြန်ပို့ခဲပါတယ်ရှင်။
Forum