အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အရေးကို ရှောင်လွှဲနိုင်ရေး အတွက် အောက်လွှတ်တော်က အစိုးရ အသုံးစာရိတ် ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး အထက်လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။ အခု အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အစိုးရ အသုံးစာရိတ် ဥပဒေကြမ်းဟာဆိုရင် လာမယ့်နှစ် မတ်လ အလယ်ပိုင်း အထိ အစိုးရ လုပ်ငန်းတွေ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
အထက်လွှတ်တော် အနေနဲ့ အခု အမေရိကန် စံတော်ချိန် ညသန်းခေါင် မတိုင်ခင် အထိ ဒီဥပဒေကြမ်းကို အတည်ပြု မပြု ဆုံးဖြတ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။
သောကြာည သန်းခေါင်ယံ အချိန် ကျော်တဲ့ အထိ သဘောတူညီမှု မရခဲ့ရင် ပြည်ထောင်စု အစိုးရ လုပ်ငန်း တချို့ ရပ်တန့် သွားမှာ ဖြစ်သလို ဒါဟာ ခရစ္စမတ်အားလပ်ရက်ကာလကို အနှောင့်အယှက်ဖြစ်စေမှာပါ။
"ကျနော်တို့အနေနဲ့ အစိုးရ ယန္တရား ရပ်တန့်သွားစေမှာ မဟုတ်ဘူး" လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီဥပဒေကြမ်းကို ပါတီကြီး နှစ်ခုလုံးက အင်္ဂါနေ့က သဘောတူခဲ့ပေမယ့် ရွေးကောက်ခံ သမ္မတ ထရမ့်နဲ့ သူ့ဖွဲ့မယ့် အစိုးရအသစ်ရဲ့ လုပ်ငန်းတွေ ထိရောက်ရေးအတွက် တာဝန်ပေးမယ်လို့ သူ ရွေးချယ်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မာ့စ်တို့က လက်မခံကြောင်း ပြောလာတဲ့ အတွက် ကြာသပတေးနေ့မှာ ရီပတ်ဘလစ်ကန် အမတ်တွေက ပြန်လည်ပြင်ဆင်ပြီး မူကြမ်းကို ထပ် မဲခွဲခဲ့ကြတာမှာ အောက်လွှတ်တော်မှာ သဘောတူညီချက် မရနိုင်ဘဲ ဖြစ်နေတာပါ။
Forum