အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်အတွက် ရွေးကောက်ခံသမ္မတ Donald Trump လက်ခံတဲ့မူကြမ်းကို အောက်လွှတ်တော်က ပယ်ချလိုက်တာမို့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမယ့် အခြေအနေဖြစ်နေပါတယ်။
အသုံးစရိတ်မူကြမ်းကို ကြာသပတေးနေ့က မဲခွဲခဲ့တာမှာ Trump ရဲ့ Republican အမတ် ၃၈ ယောက်ရဲ့ ကန့်ကွက်မဲတွေအပါအဝင် ကန့်ကွက်မဲ ၂၃၅ မဲ ထောက်ခံမဲ ၁၇၄ မဲနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။
Republican ရော Democratic ပါတီပါ အင်္ဂါနေ့က သဘောတူခဲ့တဲ့မူကြမ်းကို Trump သာမက အစိုးရလုပ်ငန်းတွေ ထိရောက်ရေးအတွက် သူတာဝန်ပေးမယ်လို့ဆိုတဲ့ ကမ္ဘာ့အချမ်းသာဆုံး Elon Musk တို့က လက်မခံတဲ့အတွက် ကြာသပတေးနေ့က Republican အမတ်တွေ ပြန်လည်ပြင်ဆင်ပြီး မူကြမ်းကို မဲခွဲခဲ့ကြတာြဖစ်ပါတယ်။
အခုလို အသုံးစရိတ်သစ်ကို သဘောမတူနိုင်တာမို့ ဒီနေ့ သောကြာနေ့ ညသန်းခေါင်ကျော်တာနဲ့ ပြည်ထောင်စုလုပ်ငန်းတချို့ ရပ်ဆိုင်းမယ့် အခြေအနေဖြစ်နေပါတယ်။ ဒီနေ့ သောကြာနေ့ မတိုင်ခင် အသုံးစရိတ် မူကြမ်းသစ်ကို မဲခွဲနိုင်ဖို့ ကြိုးစားမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Republican အမတ် Mike Johnson ကပြောထားပါတယ်။
အခုလို ပြည်ထောင်စု အသုံးစရိတ်ကိစ္စ သဘောမတူနိုင်ခဲ့လို့ Trump ပထမတကြိမ် သမ္မတ တာဝန်ယူခဲ့ချိန် ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဇန်နဝါရီလအထိ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရဖူးပါတယ်။
ပါတီနှစ်ရပ်လုံး အရင်သဘောတူထားတဲ့ အသုံးစရိတ်မူကြမ်းဟာ ဒီမိုကရက်တွေ သုံးချင်တိုင်း သုံးနိုင်အောင်လုပ်ပေးမယ့် ဘတ်ဂျက်ဖြစ်တယ်လို့ Trump နဲ့ Elon Musk တို့ကဆိုပြီး လွှတ်တော် အမတ်တွေကို ကန့်ကွက်ဖို့ ဖိအားပေးခဲ့ပါတယ်။ Trump ကပြည်ထောင်စု အသုံးစရိတ်တချို့ကို လျှော့ချပြီး အစိုးရအသုံးစရိတ်ကန့်သတ်ချက်ကို ဖယ်ရှားပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
Forum