စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ယုံကြည်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယညစာစားပွဲအခမ်းအနားတက်ရောက်စဉ်မှာပြောပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။
ဒါက အထင်မှားစေပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ တွေ့ဆုံးဆွေးနွေးပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြောဆိုထားပေမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုက ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေပြီး၊ ယနေ့အချိန်အထိလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖမ်းဆီးထားဆဲဖြစ်တာကိုတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ ဖမ်းဆီးခံရသူ (၂၈၀၁၁) ဦးရှိပြီး၊ (၂၁၄၄၁) ဦးက ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ပြောဆိုထားပေမယ့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အခြေခံစံနူန်းတွေဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ထားဆဲဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ကနေ စတင်ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းအထိ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ (၁၈၂) ဦးရှိပြီး အဲ့ဒီအထဲမှာ (၁၇၀) ဦးဟာ အကျဉ်းကျနေရဆဲဖြစ်တယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း သတင်းမီဒီယာသမား (၁၅၀) ထက်မနည်းဖမ်းဆီးခံရပြီး (၆၄) ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ သိရပါတယ်။ သတင်းမီဒီယာသမားတွေနဲ့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူ (၇) ယောက်ထက်မနည်း ကွပ်မျက်ခံခဲ့ရပါတယ်။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အသံအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် မေလအတွင်းထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမား (၂၁၄) ဦး ဖမ်းဆီးခံခဲ့ရပြီး (၅၄) ဦးဟာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။ (၈) ဦးသေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလ အတွင်း လူမှု ကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိခဲ့တယ်လို့ Data For Myanmar က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ပြောစကားအတွင်းမှာ နိုင်ငံရေးပြဿနာ နဲ့ နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမှာ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် စစ်အာဏာသိမ်းမှုအပါအဝင် အာဏာသိမ်းမှု (၄) နှစ်တာနီးပါးအတွင်းမှာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို အင်အားသုံးဖြေရှင်းတဲ့နည်းလမ်းကိုသာ အသုံးပြုခဲ့ပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုမှုတွေကိုလည်း လျစ်လျူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီက ယနေ့အချိန်အထိ အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် (၂) ခုအပါအဝင်၊ မြို့ပေါင်း (၉၀) ကျော်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ မန္တလေးဒေသတွေမှာ စစ်ကောင်စီက လက်လွှတ်ရတဲ့ မြို့တွေရှိလာသလို စိုးမိုးထိန်းချုပ်နိုင်မှုတွေလျော့ကျလာပါတယ်။ ရခိုင်ပြည်နယ် တခုလုံးနီးပါးခန့်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်လာပြီး စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ မြို့က (၃) မြို့ခန့်သာကျန်ရှိတော့တာတွေ့ရပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာပြီး စစ်ကောင်စီက ထိန်းချုပ်နယ်မြေတွေကို လျော့နည်းလာချိန်မှာပဲ စစ်ကောင်စီဘက်က လက်နက်ကိုင်အင်အားစုတွေကို လက်နက်စွန့်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် လာကြဖို့ ထုတ်ဖေါ်ဆိုလာပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖိတ်ခေါ်တယ်လို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုအတွင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ ထုတ်ပြန်ချက်အတွင်းမှာ ထည့်သွင်းထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲပေါင်း ( ၅,၇၆၅ ) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ ( BNI) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၁,၇၄၇) ကြိမ်ရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။
သတင်းမီဒီယာများရဲ့ ဖေါ်ပြမှုများကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့နေက ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ နိုင်ငံတဝန်းလက်နက်ကိုင်တိုက်ပွဲပေါင်း ( ၅၆၇) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၅၃) ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက မဲမသမာမှုကို လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့နည်းလမ်းဖြေရှင်းတာကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က အကြောင်းပြဖူးသလို၊ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်လိုတာကြောင့် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖေါ်နေတာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာမှာ စွပ်စွဲပြောဆိုထားပါတယ်။
စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုထားပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုမှုပိတ်ပင်ပြီး ဖမ်းဆီးမှုတွေ ဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ တဖက်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဖို့ ပြောဆိုထားပေမယ့်လည်း အရပ်သားကျေးရွာနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုများအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုတွေ ကျူးလွန်နေဆဲဖြစ်တာကိုတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုများအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုတွေကြောင့် အရပ်သားနေအိမ်အလုံးပေါင်း (၂၁၀၀) ကျော်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုက (၂၃၀) ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။