ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပန မတိုင်မီ ဝါရှင်တန်ဒီစီ မြို့တော်က အမေရိကန်လွှတ်တော် ခန်းမမှာ ထားရှိထားတာမှာ အေးခဲနေတဲ့ ရာသီဥတု အအေးဒဏ်ကို အန်တုပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ လာရောက် ဂါရဝပြုကြပါတယ်။
ဒုတိယသမ္မတ ကာမာလာ ဟဲရစ်စ်နဲ့ တခြားသော ရွေးကောက်ခံ တာဝန်ရှိသူတွေလည်း လာရောက် ဂါရဝပြုသူတွေထဲမှာ ပါဝင်ပြီး ပြီးခဲ့တဲ့လက အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့သူ သမ္မတဟောင်း ကာတာရဲ့ အောင်မြင်မှုတွေကို အလေးထား ပြောဆိုကြပါတယ်။
ဂျော့မေဆင် တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကာတာဌာနက ပါမောက္ခ David Smith ကတော့ သမ္မတဟောင်းဟာ သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ လွှမ်းမိုးသက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။
လွှတ်တော်မှာလာပြီး သမ္မတဟောင်း ကာတာကို ဂါရ၀ပြုတာအပြင် သူ့ရဲ့ စွမ်းဆောင်ချက်တွေကို ဂုဏ်ပြုတာလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကွယ်လွန်သူ သမ္မတဟောင်း ကာတာအတွက် နိုင်ငံတော် ဈာပန အခမ်းအနားကိုတော့ ကြာသပတေးနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ကာတာလိုပဲ ဒီမိုကရက်ဖြစ်တဲ့ သမ္မတ Joe Biden ကလည်း ကြာသပတေးနေ့မှာ သမ္မတဟောင်း ကာတာအတွက် ဂုဏ်ပြုစကား ပြောကြားမှာ ဖြစ်ပါတယ်။
Forum