မြန်မာနိုင်ငံအတွင်း လူဦးရေ ၁၅ သန်းလောက် ၂၀၂၅ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံလောက်တဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေ ရှိတဲ့အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ သတိပေး ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ၁၃ သန်း ၃ သိန်းလောက်သာ ရှိခဲ့တဲ့အကြောင်းနဲ့ ဒီနှစ် ရင်ဆိုင်နိုင်ခြေ ပမာဏ ပိုများလာပြီး အထူးစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေနဲ့ အထူးသဖြင့် စစ်ကိုင်းဒေသတွေမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ရှားပါးမှုအခက်အခဲကို ကြုံတွေ့နေရပါတယ်။ လူဦးရေရဲ့ ၃ ယောက်မှာ ၁ ယောက်နှုန်း၊ စုစုပေါင်း သန်း ၂၀ လောက် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့အကြောင်း ကူညီထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ကိုးကားဖေါ်ပြပါတယ်။
နိုင်ငံတဝှမ်း ပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာတာ၊ သွားလာခွင့်တွေ ကန့်သတ် ပိတ်ပင်ခံရတာ၊ စီးပွားရေး ယိမ်းယိုင်လာတာနဲ့ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဘေးဒဏ်တွေ ဆက်တိုက်ကြုံခဲ့တာတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုအခြေအနေ အရင်က မကြုံဖူးတဲ့အနေအထားကို ရောက်လာတာလို့ WFP မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Michael Dunford က ပြောဆိုပါတယ်။ နိုင်ငံအတွင်းမှာ အိုးမဲ့အိမ်မဲ့နေရပ်စွန့်ခွာသူ ၃ သန်းခွဲလောက် ရှိပြီး လက်နက်ကိုင်ပဋိပက္ခတွေပိုပြီး ကျယ်ပြန့်လာတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်း နေရပ်စွန့်ခွာသူ ၄ သန်း ခွဲလောက်အထိ တိုးလာနိုင်တယ်လို့လည်း WFP က ခန့်မှန်းထားပါတယ်။
Forum