သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံခရိုင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတိုးမြှင့်


မြင်းခြံ
မြင်းခြံ

မြင်းခြံခရိုင်ထဲက မြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ တလထဲ သေဆုံးသူ ၂၈ ဦး ရှိပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကုသဖို့ အခက်အခဲတွေ ကြုံရသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတဲ့အကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက VOA ကို ပြောပါတယ်။ မြင်းခြံခရိုင်ထဲက အခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို ပြောပြပါမယ်။

ဇန်နဝါရီလထဲမှာပဲ မြင်းခြံခရိုင်ထဲက တောင်သာ ၊ မြင်းခြံ ၊ နွားထိုးကြီး ၊ ငါန်းဇွန်မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ မကြာခဏဆိုသလို တိုက်ခိုက်နေခဲ့တာပါ။ ဇန်နဝါရီလ တလတည်းမှာပဲ လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၈ ဦး ရှိခဲ့ပြီး သေဆုံးတဲ့အထဲမှာ ဒေသခံတွေအပြင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် သေဆုံးတဲ့ အရပ်သားတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်တဲ့အကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

"မြင်းခြံခရိုင်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုက စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့တယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာရယ် Y12 နဲ့ ဗုံးကြဲတာရယ် လေထီး စက်တပ် ယာဉ်တွေနဲ့ ဗုံးကြဲတာကောပေါ့နော်။ အားလုံးသေဆုံးတာက ၂၈ ဦး ပကဖက ၁၂ ဦးပါတယ်။ အရပ်သားက ၁၆ ဦးပါတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၀ ဦးလောက်ပဲရှိတာပေါ့။"

ပြီးခဲ့တဲ့ ၂၆ ရက်က မြင်းခြံမြို့နယ် ဆင်းဂွတ် ကျေးရွာ စာသင်ကြောင်းကို စစ်တပ်ဘက်ကနေ လေကြောင်းတိုက်ခိုက်မှုဟာ ပြင်းထန်ဆိုးရွားခဲ့ပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တောင်သာမြို့နယ်ထဲမှာအများဆုံးဖြစ်ပြီး ၁၄ ကြိမ်ထိ တိုက်ခိုက်ခံရသလို နေအိမ်ပျက်စီးတာတွေလည်း အများဆုံးဖြစ်ပါတယ်။

တောင်သာမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိခိုက်ဒဏ်ရာရရှိလို့ မြို့ပေါ်မှာ သွားရောက် ဆေးကုသတဲ့ ဒေသခံအချို့လည်း ဖမ်းဆီးခံရတာရှိသလို စစ်တပ်ရဲ့ တင်းကြပ်တဲ့ စစ်ဆေးမှုတွေေကြောင့် ဆေးဝါးအခက်အခဲကြုံနေရပါတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကြည်စတားက အခုလို ပြောပါတယ်။

"အခက်အခဲတော့ ရှိတာပေါ့ဗျာ။ နောက်ဆုံးထိခိုက်မှုရှိတဲ့သူဆိုရင် သွားပြီးတော့ နွားထိုးကြီးကို သွားကုခိုင်းတယ်။ နွားထိုးကြီးဆေးရုံရောက်တော့ ဖမ်းခံလိုက်ရတဲ့ အခြေအနေတွေရှိတယ်။ နယ်ထဲမှာဆိုရင်တော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးပါတယ်။ ဆေးဝါးအခက်အခဲတွေလည်းရှိတယ်။ ဆေးဝါးတွေသယ်လာရင် စကစ က မြို့ပေါ်ကနေ ကန့်သတ်လိုက်တာတွေဖြစ်နေတာပေါ့။ ဖြတ် ၄ ဖြတ် ပုံစံမျိုး ကန့်သတ် လိုက်တာပေါ့။ ဆေးဝါးက အလွယ်တကူ ဝယ်လို့မရဘူး။"

လေကြောင်းတိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာတွေ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရရာတွေ၊ ပျက်ဆီးတာတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက် ရဖို့ ကြိုးစားနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန် တိုက်ခိုက်နိုင်တဲ့ အခြေအနေ မရှိသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ လေကြောင်းထားပြီး ခိုင်ခံ့တဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နှိုးဆော် အသိပေးနေပါတယ်။

မြင်းခြံခရိုင် စစ်ဆင်ရေးအနေနဲ့ နွားထိုးကြီး ၊ တောင်သာ ၊ ငါန်းဇွန်နဲ့ မြင်းခြံမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ခေတ္တဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီက အဲဒီနေရာတွေကို ပြန်လည်တပ်စွဲခဲ့ပြီး မြင်းခြံခရိုင်ထဲက မြို့တွေကို လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

Forum

XS
SM
MD
LG