သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံနယ်က ကာကွယ်ရေးအဖွဲ့ ကလေးစစ်သား အသုံးပြုနေသလား


ယခင်မှတ်တမ်းရုပ်ပုံ | မြင်းခြံဒေသခံကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များ
ယခင်မှတ်တမ်းရုပ်ပုံ | မြင်းခြံဒေသခံကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များ

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့မှာ အသက်မပြည့်တဲ့ ကလေးငယ်တွေကို တပ်သားသစ်အဖြစ် လက်ခံထားတယ်ဆိုပြီး ကလေးမိဘတယောက်နဲ့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ သက်ဆိုင်ရာ တပ်ဖွဲ့ကတော့ နယ်မြေအခြေအနေအရ အဆင်ပြေတဲ့အချိန် မိဘတွေဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး သူတို့ လုံခြုံရေးအရ လက်ခံထားတာဖြစ်တယ်လို့ ပြောပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေး ကောင်းတဲ့သူကိုပဲ တပ်သားသစ်အဖြစ်လက်ခံဖို့ ညွှန်ကြားထားတယ်လို့‌ ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။​

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း စစ်ကောင်စီကို လက်နက်ကိုင်တပ်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ် တပ်ရင်း (၉) Black Tiger အဖွဲ့မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို လက်ခံထားတယ်ဆိုပြီး ဒေသခံ ကလေးမိဘတယောက်က ဗွီအိုအေကို ပြောပါတယ်။ တပ်ရင်း ၉ ထဲမှာ ရောက်နေတဲ့ သူ့သားဟာ အသက် ၁၅ နှစ်ခွဲပဲ ရှိသေးတဲ့အတွက် မိဘရင်ခွင်ထဲ ပြန်ရောက်စေချင်တဲအ့ကြောင်း ပြောဆိုတာပါ။

"သား ၃ ယောက်ရှိပါတယ်။ အကြီးကလည်း နိုင်ငံရေးအမှုနဲ့ ထောင်ထဲရောက်နေတာပေါ့။ အလတ်ကလည်း သူတို့ကို တိုက်ခိုက်ရင်းနဲ့ ရန်သူ့လက်ထဲ မရှိတော့ဘူးပေါ့။ အိမ်ကလည်း ကျွန်မ ချိတ်ပိတ်ခံထားရတာဆိုတော့ ဒီသားလေး ၃ ယောက်တည်း ရှိတာဆိုတော့ ဒီသားလေးကို ပြန်လိုချင်တာပေါ့။ မိဘတွေ မသိအောင် ခိုးထွက်သွားတာ။ မြင်းခြံခရိုင် ရင်း (၉) ထဲလို့ ကြားပါတယ်။ အဲ့ဒါ ကျွန်မတို့ အနေနဲ့လည်းလေ ကျွန်မတို့ ကလေးကို ကျွန်မတို့ ပြန်လိုချင်တဲ့အကြောင်းပေါ့။ ကျွန်မတို့မှာ ဆုံးရှုံးထားရတာတွေများတဲ့အတွက် ဒီသားကို အသက်လည်း မပြည်သေး လက်မခံနိုင်တဲ့အတွက်ကြောင့် ကျွန်မတို့ ရင်ခွင်ထဲကို ပြန်ရောက်စေချင်တာ။"

မြင်းခြံခရိုင် တပ်ရင်း (၉) Black Tiger အဖွဲ့ တပ်ဖွဲ့ ခေါင်းဆောင် မိုက်ခဲ ကတော့ စစ်တပ်ရဲ့ လူသစ် စုဆောင်းမှုတွေကနေ တိမ်းရှောင်သူတွေနဲ့ ခြိမ်းခြောက်ခံထားရသူတွေကို ကာကွယ်ဖို့ လူငယ်တွေကို လက်ခံထားတဲ့အကြောင်းနဲ့ မိဘလက်ထဲ ပြန်ပို့ဖို့ဆိုတာ နယ်မြေအခြေအနေအပေါ် မူတည်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ကျွန်တော်တို့ ရှိတယ်ခင်ဗျ။ ရှိတယ်ဆိုတာက လက်ရှိ လောလောဆယ် အနေအထားမှာ စကစ ရဲ့ ခြိမ်းခြောက်ခြင်းခံရတဲ့၊ ပြီးရင် ပေါ်တာဆွဲခံရတဲ့၊ ပေါ်တာဆွဲမှာ ကြောက်တဲ့ သူတွေကို သီးသန့် လက်ခံထားတာပါ။ မိဘတွေက ပြန်လာခေါ်မယ်ဆိုရင် နယ်မြေအခြေအနေရ မူတည်ပါတယ်။ ကျွန်တော်တို့ဘက်က စိုးမိုးသွားတဲ့ အနေအထား တခုဆိုရင် ကျွန်တော်တို့က ပြန်ထည့်ပေးမယ့် အနေအထားရှိပါတယ်။ အားလုံးကို သင်တန်းပေးတာတော့ ဌာနချုပ် စခန်းပဲပေါ့။ သူတို့ဘက်က စိတ်ဓာတ်ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ စကစ ဘက်က ဖမ်းဆီးပြီး စစ်ဆေးလိုက်ရင် ကျွန်တော်တို့ အားလုံး မမျှော်လင့်တာတွေ ဖြစ်သွားနိုင်တယ်။ သူတို့ လုံခြုံရေးအရ အဆင်မပြေတဲ့အချိန် ကျွန်တော်တို့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတယ်။ လုံခြံမှုအပြည့်ပေးထားတယ်။ ဒါပေမယ့် စကစ က ကလေးတွေ ခွေးတွေသိတာမဟုတ်ဘူး။ အကုန်ပစ်သတ်တာဆိုတော့ ကျွန်တော်တို့ စစ်ပညာ တခု တတ်ထားဖို့တော့လိုတယ်။ တကယ်လို့ စစ်ပညာကို ရောဂါ အနေအထားတခုအရ တက်လို့မရဘူး။ မသင်နိုင်ဘူးဆို ကျွန်တော်တို့ နောက်တန်းမှာ ထားထားတဲ့သူတွေ အများကြီးရှိတယ်ပေါ့။"

တပ်ရင်း (၉) အနေနဲ့ စစ်ပညာသင်ကြားပေးထားတဲ့ ကလေးငယ်တွေကို ရှေ့တန်း စစ်မျက်နှာပြင်ပို့မှာ မဟုတ်ဘဲ နောက်တန်းမှာသာ ရုံးကိစ္စတွေ လုပ်ဆောင်ခိုင်းတယ်လို့ လည်း တပ်ဖွဲ့ခေါင်းဆောင် မိုက်ခဲက ပြောပါတယ်။ လာရောက်ခေါ်ဆောင်တဲ့ မိဘတွေလက်ထဲ ကလေးငယ်တွေ ပြန်ပို့ပေးခဲ့တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ဒေသခံတချို့ကတော့ Black Tiger အဖွဲ့ မှာ အသက်မပြည့်သေးတဲ့ တပ်ဖွဲ့ဝင်တချို့ကို ရှေ့တန်း စစ်မျက်နှာပြင် ခေါ်ဆောင်တာတွေရှိတယ်လို့ ပြောဆိုပြီး တပ်ဖွဲ့ထဲကနေ ထွက်ခွင့်မရလို့ ထွက်ပြေးကြတဲ့ သူတွေလည်း ရှိတယ်လို့ စွပ်စွဲ ပြောပါတယ်။ တပ်ရင်း (၉) အနေနဲ့ စစ်တပ် စိုးမိုးနယ်မြေ မဟုတ်ဘဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုပါ တပ်သားသစ်အဖြစ် လက်ခံထားတယ်ဆိုပြီး မြင်းခြံ ဒေသခံတယောက်က ပြောပါတယ်။

"မြင်းခြံရင်း (၉) Black Tiger က လက်ခံတယ်ဆိုတာက တနယ်လုံးသိတာပေါ့နော်။ မြင်းခြံတနယ်လုံး။ မြို့ပေါ်လိုမျိုး ထိန်းချုပ်နယ်မြေက ၁၅-၁၆ လေးတွေဆိုရင်လက်ခံသေးတာပေါ့နော်။ အဲ့လို မဟုတ်ဘဲနဲ့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ကျေးရွာဘက်တွေမှာ အဲ့လို ကလေးလေးတွေ အဲ့ကလေးတွေက ဘယ်ပေါ်တာမှ မဆွဲဘူး။ နယ်ခံအဖွဲ့တွေက ကလေးတွေက ငယ်လွန်းတယ်။ အသက်အရွယ်နဲ့ စစ်သင်တန်းဘာညာ လိုက်လုပ်နိုင်ဖို့ ခဲယဉ်းတယ်။ တပ်ထဲဝင်ဖို့ နေပါအုံးဆိုပြီး တားထားတယ်။ အဲ့မှာ လုပ်ချင်လွန်းလို့ ဆိုပြီး ခေါ်တဲ့အဖွဲ့ဆီကိုသွားတယ်။ Black Tiger ကသာ မခေါ်ဘူးဆိုရင် သူတို့က သွားမှာမဟုတ်ဘူး။ အသက်မပြည့်တဲ့အတွက် စကစရဲ့ အုပ်ချုပ်မှု မရှိတဲ့အတွက် ဒေသဖြစ်တယ်။ တော်လှန်ရေး ဒေသဖြစ်တဲ့အတွက် ပေါ်တာ မဆွဲတဲ့ဒေသမှာ မိဘ သဘောမတူ လက်မခံဘူးဆိုရင် အသက်မပြည့်တဲ့ ကလေးတွေကို တပ်ထဲဆွဲလို့မရဘူး။ ပြန်ပြီး လွှတ်သင့်တယ်လို့ထင်တယ်။"

တချို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဆွေမျိုးသားချင်းတွေက ကာကွယ်ရေး တပ်ဖွဲ့ဝင်ဖြစ်လို့ မြို့ပေါ်မှာနေထိုင်မယ်ဆိုရင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှာ စိုးလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အချို့ကို ခေါ်ဆောင်ထားတာလို့ ပြောပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့မှာ ခေါ်ဆောင်ထားပေမယ့် ဒီ လူငယ်တွေကို စစ်သင်တန်းပေးတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ အပြန်အလှန်စွပ်စွဲချက်တွေ ငြင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုချက် ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကတော့ စစ်ကောင်စီကို လက်နက်ကိုင်တိုက်တဲ့ တပ်ဖွဲ့တွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ ပြစ်မှုကင်းရှင်းသူ ဖြစ်ရမယ်လို့ ညွှန်ကြားထားတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမယ်။ စစ်မှုထမ်းဖို့ လုံလောက်တဲ့ ကျန်းမာရေး ရှိသူဖြစ်ရမယ်။ ရာဇဝတ်မှု ကင်းရှင်းသူ ဖြစ်ရမယ် စသဖြင့် ဒီလို အချက်အလက်တွေရှိပါတယ်။ ဒီလိုကိုက်ညီမှ တပ်သားသစ်အဖြစ် ပါဝင်ခွင့်ရှိတာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကျွန်တော်တို့ တပ်သားသစ်အဖြစ် စုဆောင်းလို့မရပါဘူး။ စစ်သင်တန်းလည်း ပေးလို့မရပါဘူး။"

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုတာတွေ ပပျောက်ဖို့အတွက် ၂၀၁၂ ခုနှစ်မှာတာဝန်ယူခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ကုလသမဂ္ဂနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေအပါအဝင် လက်နက်ကိုင် ပဋိပက္ခကြားမှာ ရာနဲ့ချီတဲ့ ကလေးငယ်တွေ အသက်မပြည့်ဘဲ တပ်သားအဖြစ် ခိုင်းစေခံနေရဆဲ ဖြစ်တဲ့အကြောင်း ဖေါ်ပြခဲ့ပါတယ်။ စစ်ကောင်စီကတော့ ကုလသမဂ္ဂ အစီရင်ခံစာပါ ဖေါ်ပြချက်တွေဟာ ချဲ့ကားတာသာဖြစ်ပြီး မဟုတ်မမှန်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG