မန္တလေးတိုင်း မြင်းခြံနဲ့ တောင်သာမြို့ကြားမှာ စစ်ကောင်စီ တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က သေဆုံးတာတွေရှိသလို လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မကွေးတိုင်း အမ်း-ပဒါန်း လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ် အင်အားတိုးချဲ့ လုပ်ဆောင်နေချိန်မှာပဲ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲက အခြေအနေတွေ သတင်းပေးပို့ချက်ကို ပြောပြမှာပါ။
မန္တလေးတိုင်း မြင်းခြံတောင်သာ လမ်းပိုင်း မြင်းခြံမြို့ တောင်ရှေ့တိုးဂိတ်အနီးမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်ခြုံခို တိုက်ခိုက်ခဲ့ပါတယ်။
ယာဉ်တန်းကို တိုက်ခိုက်မှုအတွင်း စစ်တပ်နဲ့ ပျူစောထီးအဖွဲ့က သေဆုံးတာရှိပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တဲ့အကြောင်း တိုက်ပွဲမှာ ပါဝင်ခဲ့သူ တဦးက အခုလို ပြောပါတယ်။
"ပျူစောထီးခေါင်းဆောင် သီတာယုမွန်က မိထ္ထီလာကို သွားပြီး မဲစာရင်း စာရွက်တွေ သွားယူတာလို့ သတင်းရတယ်။ တောင်သာမြင်းခြံအစပ် တိုက်ပွဲဖြစ်တဲ့ အနီးနားလေး တဝိုက်မှာ သူတို့က လမ်းကြောင်းရှင်းရင်းနဲ့ ကင်းပုန်းယူတဲ့ သဘောမျိုး။ အဲ့မှာ ပျူစောထီးတွေက အများဆုံးပါတာဆိုတော့ အဲ့မှာ ကြားဖြတ်ပြီး ခြုံခို တိုက်ခံရတာ။ ဖောကား ၂ စီးနဲ့ ကားသေးလေး ၁ စီးနဲ့ သူတို့ မောင်းတံဂိတ်ကိုအဖြတ် ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေက ကြားဖြတ် ခြုံခို ဝင်လုံးပြီးတော့တိုက်ခိုက်တာ အနီးကပ် စောင့်ကြို တိုက်ခိုက်လိုက်တော့ သူတို့ အထိခိုက် အကျဆုံးများစွာနဲ့ မြင်းခြံဘက်ကို ဆုတ်ခွါသွားတယ်။ သူတို့ဘက်က ကျွန်တော်တို့ သေနတ် ၁၀ လက်ရယ် ကြားဖြတ်ဟန့်တားစက် တခုရယ် ခဲယမ်းတွေလည်း ရတယ်။ ခဲယမ်းဆိုတာ ကျည်ဆံတွေပေါ့နော်။"
ခြုံခိုတိုက်ခိုက်မှုကို မြင်းခြံနဲ့တောင်သာမြို့တို့က ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ပါဝင်သူပြောပြချက်အရ စစ်တပ်ထောက်ခံသူ ပျူစောထီး ၈ ဦးသေဆုံးပြီး နောက်ထပ် သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဘက်မှာဆိုရင်လည်း ရခိုင်ပြည်နယ် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်လိုက်ပြီးနောက် အမ်း-ပဒါန်းလမ်းပိုင်းမှာရှိတဲ့ စစ်တပ် အခြေစိုက်တဲ့နေရာတွေမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။
ကာကွယ်ရေး ပစ္စည်းစက်ရုံတွေ အများဆုံးရှိတဲ့ မကွေးတိုင်းကို အဓိက ကာကွယ်ဖို့အတွက် အမ်း - ပဒါန်းလမ်းပိုင်းက ကပစ (၁၄) ၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) တို့မှာ စစ်ကောင်စီက အင်အားဖြည့်ဆီးပြီး အဓိက ပြင်ဆင်နေတာလို့ ဒေသခံ PDF ကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ PRA(Mgway) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနောင်သူရိန်က ပြောပါတယ်။
"ပြည်မထဲကို မဝင်ရောက်နိုင်ရေး ကြိုးပမ်းနေတာမျိုးတွေရှိတယ်။ ခံစစ်ပြင်နေတာမျိုးပေါ့နော်။ လက်ရှိဆိုရင် ဖုန်းပြောနေရင်းမှာကို အင်အားတွေ ထပ်ဖြည့်နေတာမျိုးတွေရှိတယ်။ သိသာမြင်သာတဲ့ ပုံစံမျိုးဆိုရင်လက်နက်ကြီးတွေ အားဖြည့်နေတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့ထဲမှာဆိုရင် ၁၂၀ မမ ဟောင်ဝှစ်ဇာမျိုးတွေ ၁၀၅ မမ ဟောင်ဝှစ်ဇာမျိုးတွေ တော်လှန်ရေး အင်အားစုတွေဘက်က တိုက်ခိုက်တာမျိုးတွေက မနားသေးဘူး။ စစ်ကောင်စီဘက်ကလည်း ပြင်ဆင်တာ မနားသေးဘူးဆိုတော့ ပိုပြီး ပြင်းထန်လာမယ့် အလားအလာမျိုးတွေရှိနေတယ်။"
အမ်း-ပဒါန်းလမ်းပိုင်းမှာရှိတဲ့ စစ်တပ် အခြေစိုက်တဲ့နေရာတွေမှာ စစ်တပ်ရဲ့ ရှေ့တန်း ကင်းစခန်းတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိသလို စစ်ယာဉ်တန်းတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်တာ ခြုံခိုတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ တိုက်ခိုက်မှုသတင်း၊ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုချက် ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ လုံခြုရေးအရ အကန့်အသတ်တွေရှိသလို သတင်းအတည်ပြုဖို့အတွက် ဆက်သွယ်ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။
Forum