သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူးည ငါန်းဇွန်နယ် သားကျင်ရွာပေါ် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံး


ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဩဂုတ် ၂၇၊ ၂၀၂၄)
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဩဂုတ် ၂၇၊ ၂၀၂၄)

ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲက သားကျင်ကျေးရွာကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မကွေးတိုင်း မြစ်ချေမြို့ဘက်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း နေအိမ် မီးရှို့ခံရတာတွေ ရှိနေပါတယ်။ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာကို ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံးသလို နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် လက်ရှိအချိန်ထိ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၅ ဦးသေဆုံးခဲ့ကာ စိုးရိမ်ဒဏ်ရာရသူ ၆ ဦးအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေကို သိရှိတဲ့ ငါန်းဇွန်း ဒေသခံ တဦးပြောတာကတော့-

"သားကျင်ရွာ ရွာအလယ်ပိုင်းနဲ့ ရွာအနီးပရဝုဏ်မှာ စကစ,က လေကြောင်း တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်တာ။ သေဆုံးတဲ့သူက ငါးယောက်။ သေဆုံးတာက အမျိုးသားလေးယောက်။ အမျိုးသမီးတ ယောက်။ အိမ်ထဲမှာနေရင်းနဲ့ မိသားစုလိုက် သေဆုံးသွားတာ။ ပထမ လေးဦးပဲသေတာ။ နောက် တဦးက ဆေးသွားကုရင်းနဲ့ လမ်းမှာဆုံးတာဆိုတော့ အဲ့ထဲမှာ ကလေးတဦးပါသေးတယ်။ ငါးနှစ် အရွယ် ကလေးက နောက်ထပ်တိုးလာတာ။ ပြင်းထန်ဒဏ်ရာရတဲ့သူကခြောက်ယောက်။ ပြင်းထန် ဒဏ်ရာရတဲ့သူမှာ ခြေပြတ် လက်ပြတ်တွေ ပါတယ်နော်။ အိမ်က ၁၁ လုံး၊ နွားစာတိုက်နဲ့ဆို ၁၂ လုံးပေါ့။ (ပျက်စီးတာ)"

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုသုံးကြိမ်မှာ ပထမအကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ချိန် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး နောက်နှစ်ကြိမ် လေထီးစက်တပ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာတော့ လူသေဆုံးတာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်တာတွေ ရှိနိုင်လို့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ သားကျင်ရွာဟာ ဒီတကြိမ်အပါအဝင် လေကြောင်းတိုက်ခိုက်မှုလေးကြိမ် ခံထားရပြီး အစပိုင်း လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း လူသေဆုံးတာတွေရှိခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ဘက်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာတွေ ဆက်ရှိနေ ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်မှာ ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်တပ်ဟာ မြစ်ခြေမြို့မှာ နယ်မြေရှင်းလင်းနေပြီး ဒီဇင်ဘာ ၃၁ ရက်မှာ စဘေကျေးရွာကနေအိမ်တွေ မီးရှို့ဖျက်စီးခံရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။

"အခြေအနေက စစ်ကြောင်းကမပြန်သေးဘူး။ စဘေ အရှေ့စုရယ် အလယ်စုရယ်ကို မီးရှို့သွားတာပေါ့ မနေ့က ။ အိမ်ဘယ်လောက်ဆိုတာ ရွာက အခုထိ မကပ်ရဲသေးဘူး။ အတိအကျ မသိရသေးဘူး။ သူတို့(စစ်ကြောင်း) က စဘေ အရှေ့စုမှာခင်ဗျ။ ဒီနေ့မနက်လည်း မထွက်သေးဘူး။ သူတို့ သေနတ်သံတွေကြားလို့ ပြည်သူတွေက မဝင်ရဲသေးဘူးပေါ့။ စစ်ဘေးရှောင်တွေက စဘေဘက်က စစ်ဘေးရှောင်တွေက တောထဲမှာ နေရတာပေါ့။ မြစ်ခြေ စစ်ဘေးရှောင်တွေကတော့ အခုလောလောဆယ် ရွာတွေမှာ ဘုန်းကြီး ကျောင်းတွေမှာ တည်းထားရတာပေါ့။"

စစ်တပ်ဟာ မြစ်ခြေမြို့ပေါ်မှာ အခြေချပြီးတပ်စွဲပြီး နောက်စစ်ကြောင်း နောက်တကြောင်းနဲ့ ကျေးရွာတွေ ဘက်ကို နယ်မြေရှင်းလင်းနေတာပါ။ ဒီဇင်ဘာ ၃၀ ကလည်း စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မြစ်ခြေမြို့ပေါ်က ဒေသခံငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မြစ်ခြေမြို့နဲ့အနီးနားကကျေးရွာအများအပြားက ဒေသခံ ၅,၀၀၀ လောက်ဟာ ဘေးလွတ်ရာတွေ တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ နယ်မြေရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ အရပ်သားထိခိုက်သေဆုံးမှုဖြစ်ရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဘက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ပြည်သူ့ကာကွယ်ရးတပ်တွေရှိလို့ နယ်မြေရှင်းလင်းရတယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။

Forum

XS
SM
MD
LG