သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ငါန်းဇွန်နဲ့နွားထိုးကြီးမှာ ဒေသခံတချို့သေဆုံး


ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်နဲ့နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး၊ ကလေးငယ်တွေ အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ သေကျေထိခိုက်မှုသတင်းတွေ ထွက်ပေါ်နေတာပါ။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ရေးပဋိပက္ခ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကိုတင်ပြထားပါတယ်။

မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာကို သြဂုတ် ၂၇ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာက အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

"ငါန်းမြားကြီးကျေးရွာကို နေ့လည် ၁ နာရီခန့်လောက်က ဂျက်ဖိုက်တာနဲ့လာကြဲတာ။ ပြည်သူ ၂ ဦးသေတယ်။အသက် ၇၀ ဝန်းကျင်ခန့် အဖိုးဖွား ၂ ဦးပေါ့။ လင်မယား ၂ ယောက်။ ကလေးမ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ အိမ် ၃ လုံး စာသင်ကျောင်း ၁ ကျောင်း ပျက်စီးတယ်။ ဘာမှမဖြစ်ဘဲ ဒီတိုင်းသက်သက် လာကြဲတာ။ လူတွေက ကြောက်ပြီး ညပြန်သွား မနက်ပြန်လာ အဲ့လိုလုပ်တာပေါ့။ အခုတော့ အကုန်လုံးရှောင်နေပြီ။"

ငါန်မြားကြီးကျေးရွာဟာ ငါန်းဇွန်မြို့နဲ့ ၂၁ မိုင်ကွာဝေးပြီး ဧရာဝတီမြစ်ဘေးမှာရှိပြီးတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က ကျေးရွာရဲ့ ရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ။

ငါန်းမြားကြီးရဲစခန်း တိုက်ခိုက်ခံရချိန် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးခဲ့ကြောင်း ဒေသခံတွေက ပြောကြပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆန်ထားပါတယ်။ အခုနောက်ဆုံး အရပ်သား ထိခိုက်သေဆုံးမှု သတင်းနဲ့ ပတ်သက်လို့လည်း လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အလားတူပဲ မြင်းခြံခရိုင်ထဲက နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲ-မြင်းနီ ကျေးရွာကို သြဂုတ် ၂၇ ရက်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"၁ နာရီလောက်မှာ လေယာဉ်နဲ့ ၅ ခေါက်လောက် လာပတ်ဝဲတယ်။ နောက်တခေါက်မှာ နောက်လေယာဉ်တစီးနဲ့ ချသွားတာပေါ့။ လက်ဝဲမြင်းနီတောင် မြင်းနီဘက်ကျတာပေါ့။ မနေ့က ဘုန်းကြီးကျောင်းအပေါ် ဒဲ့ကျတာဆိုတော့ ဘုန်းကြီးကျောင်း တော်တော်ပျက်စီးတယ်။ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ကလေး ၂ ယောက်ထိတယ်။ အမျိုးသမီး ၁ ယောက်ထိတယ်။ ကလေးတယောက်က မိုင်းမှန်လို့ ခြေထောက် တဖက်ပြတ်တယ်။ တဖက်ကလည်း အရိုးပါပြတ်ထွက်သွားတာမို့လို့ ၂ ဖက်လုံး ဖြတ်လိုက်ရတယ်။ အဲ့စစ်ရှောင်တွေပဲ ရွာထဲက အိမ်တွေ မီးရှို့ခံရတာတော့ အိမ်တွေမရှိတော့ ဘုန်းကြီးကျောင်းလာနေကြတာ။"

နွားထိုးကြီးမြို့ လက်ဝဲ-မြင်းနီ ကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)
နွားထိုးကြီးမြို့ လက်ဝဲ-မြင်းနီ ကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)


သြဂုတ် ၂၁ ရက်ကလည်း လက်ဝဲ-မြင်းနီကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦး ဒဏ်ရာရခဲ့ပြီးဒါဟာ ရက်သတ္တပတ်အတွင်း လေကြောင်းကနေ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

သြဂုတ် ၂၀ ရက်မှာတော့လက်ဝဲ-မြင်းနီနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ကွမ်းအုံရွာကို စစ်တပ်ဘက်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းပေါ် ကျရောက်ခဲ့ပြီး ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ နောက်ထပ် သေဆုံးမှုတွေ ပေါ်ပေါက်နေတာပါ။ ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ပဋိပက္ခမှာ ပါဝင်နေသူတွေအားလုံး အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းမှာလည်း ထိခိုက်သေဆုံးမှု သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြောက်ပိုင်းက စော်ဘွားရေရှင်ရွာမှာ သြဂုတ် ၂၇ ရက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကလေးမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ အရပ်ဖက်မဟုတ်ဘဲ တော်လှန်ရေး တပ်ဖွဲ့ဘက်ကနေပြီး ရဲဘော် ၂ ယောက်ပေါ့နော်။ ၁ ယောက်ကတော့ တခါတည်း အသက်ဆုံးရှုံးသွားတယ်ပေါ့။ တယောက်ကတော့ ဒဏ်ရာ ရထားပါတယ်။ ဆေးခန်း တနေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်ပေါ့လေ။"

လက်ရှိကလေးမြောက်ပိုင်းမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG