သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံခရိုင်တွင်း စစ်ရေးတင်းမာနေဆဲ 


မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ကို ကာကွယ်ရးတပ်ဖွဲ့ မြင်းခြံခရိုင်း တပ်ရင်းအမှတ် (၃) က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြင်ကွင်း။ (သြဂုတ်လ ၁၉၊ ၂၀၂၄/CDSOM (Myaung)
မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ကို ကာကွယ်ရးတပ်ဖွဲ့ မြင်းခြံခရိုင်း တပ်ရင်းအမှတ် (၃) က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြင်ကွင်း။ (သြဂုတ်လ ၁၉၊ ၂၀၂၄/CDSOM (Myaung)

မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်ထဲက ငါန်းမြာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်သာမြို့မှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုတွေ ဆက်ရှိ နေပါတယ်။ မြင်းခြံခရိုင်ထဲက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကိုရန်ကုန် က သတင်းပေးပို့ထားပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအနေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကိုဆက်လက် တိုက်ခိုက်နေတာပါ။ သြဂုတ် ၁၉ ရက် မနက်ပိုင်းက မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်နဲ့ ၂၁ မိုင်အကွာက ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့ပေမယ့် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ငါန်းဇွန်ဒေသခံတဦးက ပြောပါတယ်။

"ငါန်းမြာစခန်းလေ ငါန်းဇွန်မြို့နယ် ငါန်းမြာစခန်း (မနက်) ၄ နာရီလောက်ကနေစပြီး စခန်းသိမ်းတာပေါ့။ အကုန်လုံးသိမ်းပြီး စခန်းပါ မီးပါ ရှို့ခဲ့တာလေ။ စခန်းတခုကို ပထမဆုံး သိမ်းလိုက်နိုင်တာပဲ။ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ရွာထဲ အခုစစ်ကောင်စီ ရဲစခန်းနားက လေယာဉ်နဲ့လာဝဲပြီးတော့ပစ်တာ။ လာဝဲတာကို တကြိမ်တည်းကို ၄ လုံး တနေရာစီချတာပေါ့လေ။"

ငါန်းဇွန်မြို့နယ်ထဲမှာ ငါန်းဇွန် ၊ မြို့သာ ၊ ငါန်းမြာဆိုတဲ့ ရဲစခန်း ၃ ခုရှိပြီး အခုကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ငါန်းမြာ ရဲစခန်း ဟာ ငါန်းဇွန်နဲ့ မြောင်မြို့နယ်အစပ်မှာရှိတဲ့ ရဲစခန်းလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်တွေလည်း ဖမ်းမိခဲ့သလို လက်နက် တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြနေကြပါတယ်။

စခန်းကို သိမ်းပိုက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွါသွားချိန်မှာတော့ မြင်းခြံဘက်ကနေ စစ်ကောင်စီတပ်နဲ့စစ်ကောင်စီ ထောက်ခံတဲ့ ပျူစောထီးတွေ စစ်ကူလာရောက်ခဲ့ပြီး အခုအခါ ရွာထဲမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ တောင်သာမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ ပစ်ခတ်တာတွေဆက်ရှိနေပါတယ်။ သြဂုတ် ၁၉ ရက်မှာ စစ်ကောင်စီတပ် ဆုတ်ခွါသွားတဲ့ ဂိတ်ကို ဖျက်စီးဖို့သွားရောက်ချိန်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ ပစ်ခတ်မှု ဖြစ်ကြတယ်လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃ ) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

"နတ်စောင့်ရွာမှာ စကစ ဂိတ်ချထားတာရှိတယ်။ စကစ က အဲ့ဂိတ်ကို သူတို့က ပြန်ဆုတ်သွားတာ။ ချထားတဲ့ ဂိတ်ကိုကျနော်တို့က သွားဖျက်စီးတာပေါ့။ မီးသွားရှို့တာပေါ့။ အပြန်မှာ ထန်းကျင်းရွာနားရောက်တော့ ရွာတောင်ဘက်နားလေးမှာ စကစ က ဆိုင်ကယ်နဲ့ပတ်တဲ့ ပတ်ကင်းနဲ့တွေ့တာ။ တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာ။ ပြေးသွားတော့ သူတို့ဆီက ကျည်ရယ် လက်ပစ်ဗုံးရယ်။ ပိုက်ဆံအိတ်ရယ် ဖုန်းရယ် အိုင်ကွန်ရယ် အဲ့ဒါတွေတောင် ပြုတ်ကျခဲ့တယ်ပေါ့။"

သြဂုတ် ၁၆ ရက်ကလည်း မြင်းခြံနဲ့တောင်သာ အစပ်မှာရှိပြီး စစ်ကောင်စီဝန်ထမ်းတွေ ပြောင်းရွှေ့ခိုလှုံနေတဲ့ မြင်းခြံသံမဏိစက်ရုံကို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

မြင်းခြံခရိုင်ထဲ မြင်းခြံမြို့ကလွဲပြီး နွားထိုးကြီး တောင်သာ ငါန်းဇွန်စတဲ့မြို့နယ်တွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်ကလည်း နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် မြို့နေ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး မြင်းခြံ ၊ နွားထိုးကြီး ၊တောင်သာ မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ အစိုးရယန္တရားတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်တာမရှိသေးတဲ့ မြင်းခြံမြို့မှာလည်း စစ်ကောင်စီတပ်ဘက်က ခံစစ်တွေ ပြင်ဆင်ထားသလို ညောင်ဦးနဲ့ ကျောက်ပန်းတောင်းဘက်ကနေပြီး အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ထားပါသေးတယ်။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မြင်းခြံ နွားထိုးကြီးနယ်စပ်နဲ့ ငါးဇွန်မြို့နယ်တို့အတွင်း လေကြောင်းတိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG