သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနယ်မြေရှင်းလင်းမှုကြောင့် မြင်းခြံအနီး ၉ ဦးထက်မနည်း သေဆုံး


မြင်းခြံမြို့နယ်ထဲက ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)
မြင်းခြံမြို့နယ်ထဲက ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)

မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းက ကျေးရွာတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံရပြီး အရပ်သား ၉ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့သတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပါမယ်။

စစ်တပ်ဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက်ကနေ ၁၄ ရက်အထိ နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တာပါ။ အဲဒီလို လုပ်ဆောင်မှုအတွင်း မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာတွေအပြင် အရပ်သား ၉ ဦးထက်မနည်းလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၁ ရက် မနက်ပိုင်း မြင်းခြံ နွားကူးအိုင် လမ်းပိုင်းမှာ စစ်တပ်ကား တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာ စစ်တပ်ဟာ ကျေးရွာတွေ ရှိတဲ့ဘက်ကို နယ်မြေရှင်းလင်းရေးတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။ နေအိမ်တွေ မီးရှို့ခံရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီ တာဝန်ရှိသူ တဦးက အခုလို ပြောပြပါတယ်။

“မြင်းခြံမြို့နယ်ထဲမှာ ၅ ရွာ၊ နွားထိုးကြီးမြို့နယ်ထဲမှာ ၁ ရွာ၊ ၆ ရွာမီးရှို့ခံရတယ်။ တဦးက လေဖြတ်နေတာ၊ တဦးက မျက်မမြင် ၂ ဦးက မီးလောင်တဲ့ထဲ ပါသွားတယ်။ မီးလောင်တဲ့ နေအိမ်တွေထဲ ပါသွားတယ်။ ၇ ဦးက သတ်ခံလိုက်ရတယ်။ ပျိုးကန်ရွာကပဲ ၆ ဦး အသတ်ခံလိုက်ရတယ်။ ၃ ဦးက စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီးတော့ ပျိုးကန်နဲ့ ကန်စွယ်ရွာသွားတဲ့ တောလမ်းပေါ့နော်။ တောလမ်း လမ်းခုလတ်မှာပဲ အမျိုးသား ၃ ဦးကို ပစ်သတ်ပြီးတော့ ထားခဲ့တယ်ပေါ့နော်။”

မီးရှို့ခံရတဲ့ကျေးရွာတွေဟာ မြင်းခြံမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ မကျည်းစု ၊ ပျိုးကန် ၊ ဆိပ်ကုန်း ၊ သင်ပွန်း ၊ ကန်ဆွယ် စတဲ့ ကျေးရွာတွေဖြစ်ပြီး နေအိမ် ၈၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်စိတ်တွေနဲ့ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေပါတယ်။ နေရပ်မပြန်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တဦးက သူ ကြုံတွေနေရတဲ့အခက်အခဲကို အခုလို ပြောပြပါတယ်။

“ရွာတော်တော်များများက အိမ်တွေကလည်း မရှိတော့ဘူး။ အိမ်တွေ တော်တော်များများ ပါသွားတယ်ပေါ့ဗျာ။ မီးလောင်သွားတာဆိုတော့ ဘယ်သွားနေမလဲ၊ တချို့ကလည်း ကြောက်နေကြတာလေ။ လုံခြုံမှုက မရှိတော့ ကျွန်တော်တို့ မပြန်ရဲကြသေးဘူး။ ကျွန်တော်တို့ ကြောက်လည်း ကြောက်နေကြတာပေါ့နော်။ လူပဲအသက်နဲ့ဆိုတော့ ဘယ်အသတ်ခံပါ့မလဲ။ နေစရာ မရှိတာကလည်း တကြောင်း၊ ကြောက်တာကလည်း တကြောင်း၊ သူတို့က တွေ့ရင်လုပ်တာကိုး။ နေစရာမရှိတာက မီးလောင်သွားလို့။ နေစရာရှိရင်တောင် လောလောဆယ် ကျွန်တော်တို့က ပြန်မကပ်ရဲသေးဘူး။”

ကျေးရွာ ၆ ရွာက နေအိမ် ၈၀၀ နီးပါးမှာ ပျိုးကန်ရွာက အိမ်ခြေ ၂၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး ကန်ဆွယ်ကျေးရွာက နေအိမ် ၃၀၀ နီးပါးနဲ့ သင်ပြွန်းကျေးရွာက နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဒီ့ထက် များနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေရပြီး နေထိုင်ရေးခက်ခဲနေသလို စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG