သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး၊​ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေ မီးရှို့ခံရ၊ အရပ်သားသေဆုံးမှုတွေရှိ


မြစ်ခြေမြို့
မြစ်ခြေမြို့

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တို့မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရာနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ခံခဲ့ရသလို အရပ်သားတွေလည်း မီးလောင်သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်း မတ္တရာမြို့နယ်က စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး အတွင်းမှာဆိုရင်လည်း အရပ်သားတွေ သတ်ဖြတ်ခံနေရပါတယ်။ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးတောင်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မကွေးတိုင်း မြစ်ခြေမြို့နဲ့ ကမ္မမြို့ ကားလမ်းဘေးမှာရှိတဲ့ ချိုင် ကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ဖလံအို ရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်လာပြီး အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး အရပ်သားတွေလည်း နေအိမ်တွေထဲ မီးလောင်သေဆုံးခဲ့တယ်လို့ မြစ်ခြေမြို့ခံ တဦးက အခုလို ပြောပါတယ်။

“မနေ့ညနေ ၄ နာရီခွဲလောက်ကနေစပြီး စစ်ကြောင်းထိုးတာခင်ဗျ။ အရှေ့ချိုင်၊ အနောက်ချိုင်ကို စစ်ကြောင်းထိုးပြီး မီးရှို့သွားတယ်။ အဲ့ ၂ ရွာမှာ ၂ ရွာပေါင်း အိမ်ခြေ ၁၅၀ လောက်ပါသွားတယ်။ တိုက်ပွဲမရှိဘူး၊ သက်သက်လာပြီး ညနေကို မီးရှို့သွားတာ။ ပြည်သူ ၃ ယောက်က မီးထဲပါသွားတယ် ပြောရမလား ပျောက်နေတယ်။ အလောင်း ၁ လောင်းကတော့ မီးထဲမှာတွေ့တယ်။ မိန်းကလေး အလောင်းကတော့။”

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ချိုင် ကျေးရွာရဲ့ အိမ်ခြေ ထက်ဝက် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် စစ်တပ်အာဘော်တွေ ဖော်ပြနေတဲ့ လူမှုကွန်ယက်မှာတော့ ချိုင်ကျေးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်နေတဲ့အတွက် နယ်မြေရှင်းလင်းချိန် မိုင်းနဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြနေပါတယ်။

ချင်းပြည်နယ်ကန်ပက်လက်မြို့နဲ့ ကပ်လျက်ရှိတဲ့ စေတုတ္တရာမြို့နယ်ထဲက လုံးကြီးကျေးရွာကို ရွာနဲ့ ၁ မိုင်သာသာ အကွာမှာရှိတဲ့ လက်ပန်ကျင်းကျေးရွာက စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေ ပျူစောထီးတွေဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဝင်ရောက်ပြီး မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကာကွယ်ရေး တပ်ဖွဲ့တွေစိုးမိုးနယ်မြေထဲကို နယ်မြေရှင်းလင်းဖို့ လာရောက်ချိန်မှာ လမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ဘက်က အထိနာတဲ့အတွက် အိမ်ခြေ ၁၁၀ ရှိတဲ့ လုံးကြီး ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတာလို့ ပြောပါတယ်။ နေအိမ် ၁၀၇ လုံး မီးလောင်ကျွမ်းခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပါ မီးလောင် ပျက်ဆီးသွားခဲ့ကာ လူထိခိုက်ခဲ့တာမရှိဘဲ တရွာလုံးစစ်ဘေးရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မန္တလေးတိုင်းထဲက ပြင်ဦးလွင်ခရိုင်ထဲက မတ္တရာမြို့နယ်ထဲမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ မတ္တရာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၃ နာရီမှာ မြို့မြောက်ဖက်က ကျေးရွာတွေဘက်ကို ထွက်ခွါလာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။ နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အမျိုးသား ၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ မတ္တရာမြို့ သတင်းတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပါတယ်။

“စကစ က အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ မတ္တရာမြို့နယ် မြစ်ကမ်းကျေးရွာ ဆင်ရာကျေးရွာ မြို့ဒင်ကျေးရွာ သဲဖြူချောင်းကျေးရွာ သပြေချောင် ကိုင်းကြီးကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာမျိုးတွေရှိတယ်။ ဆင်ရာကျေးရွာက အိမ်ခြေ ၂ လုံး မြစ်ကမ်းကျေးရွာက အိမ်ခြေ ၈ လုံး စုစုပေါင်း ၁၀ လုံးမီးရှို့ဖျက်ဆီးတာရှိပါတယ်။ ပြီးတော့ ဖမ်းမိတဲ့ ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တဲ့ အနေအထား တခုကို တွေ့ရတယ်ခင်ဗျ။ တဦးက ၅၈ နှစ် ဦးလေးကြီး ၁ ယောက် ၃၈ နှစ်အရွယ် အမျိုးသား တယောက်ကိုလည်း သတ်ဖြတ်ခဲ့တာရှိတယ်။”

နေအိမ်တွေမီးရှို့ပြီး အရပ်သားတွေ သတ်ဖြတ်ခဲ့ပြီးနောက် စစ်တပ်ဟာ မတ္တရာမြို့ပေါ်ကို ပြန်လည် ထွက်ခွါသွားတယ်လို့လည်း ပြောပါတယ်။ မတ္တရာမြို့နယ်ထဲမှာ အခု ၂၀၂၄ ခုနှစ် ၂ လအတွင်းမှာ ပြည်သူ ၁၀ ဦးထက် မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်စာရင်းကောက်ယူသူတွေက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့တောင်ပိုင်းဘက်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကလေးမြို့ သတင်းစုံစမ်း စစ်ဆေးရေး တာဝန်ခံဖြစ်သူက အခုလို ပြောပါတယ်။

“ထိုမာ(ကျေးရွာ) ဘက်မှာ ကလေးမြို့ထဲကနေ ကား ၆ စီးနဲ့ အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုးလာတယ်။ ထိုမာဘက်ကိုလေ။ စစ်ကြောင်းထိုးလာတဲ့အချိန်မှာပဲ တော်လှန်ရေး မြေပြင်တပ်ဖွဲ့နဲ့တွေ့တယ်။ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ဖြစ်တဲ့အချိန် သူတို့ဘက်က မဖောက်နိုင်လို့ ဝေဟင်နဲ့လာပြီး ပစ်သွားတယ်။ Mi 35 နဲ့ မဲပြီး ပစ်သွားတယ်။”

စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ အခုလ ၂၁ ရက်ကစလို့ ကလေးမြို့ တောင်ပိုင်းကော မြောက်ပိုင်းမှာပါ တိုက်ပွဲတွေဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်တပ် တပ်စွဲထားတဲ့နေရာ ၄ နေရာထက်မနည်းကို တိုက်ခိုက်ခဲ့ပြီး ကျေးရွာ ၃ ရွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီ့နောက် ဖေဖော်ဝါရီ ၂၆ ရက်မှာတော့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကလေးမြို့တောင်ပိုင်းက စက္ကန့်ကျေးရွာကို စစ်တပ်ဘက်က မြေပြင်ကော ဝေဟင်ကပါ ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီး ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးနေတာပါ။ ဒါ့အပြင် ကလေးမြို့ပေါ်မှာရှိတဲ့ စစ်တပ်ဟာ မြို့အနီးက ကျေးရွာတွေဘက်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် နေအိမ်တွေအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၅ ဦးထက်မနည်းလည်း သေဆုံးခဲ့ပြီး အရပ်သားတွေ ကျေးရွာတွေကို စွန့်ခွါပြီး စစ်ဘေး တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG