သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာ


ကလေးမြို့
ကလေးမြို့

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေဘက်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းနေလို့ ဒေသခံတွေ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။ ကလေးမြို့နယ်ထဲက အခြေအနေတွေကို ကိုစံကျော်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်နဲ့ ကလေးမြို့အနီးက ကျေးရွာတွေမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာပါ။ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ တိုက်ပွဲဖြစ်တာ မရှိပေမယ့် ၂ ဖက်စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ ကလေးမြို့အခြေအနေနဲ့ ပတ်သက်လို့ ကလေးမြို့ သတင်းစုံစမ်း စစ်ဆေးရေး တာဝန်ခံက အခုလို ပြောပြပါတယ်။

“လေယာဉ်နဲ့လာပြီးမှ ဗုံးလာကြဲတယ်။ ဒါကတော့ စက္ကန့်(ကျေးရွာ) ပေါ့နော်။ ကလေးမြို့နယ် တောင်ပိုင်း စက္ကန့်ရွာမှာ စစ်ကြောင်းထိုးလာတယ်။ ပထမက စက္ကန့်ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်သိမ်းလိုက်တယ်ပေါ့နော်။ သူတို့ဘက်က အင်အားသုံးပြီးမှ ဒရုန်းနဲ့ကော ဂျက်ဖိုက်တာတွေနဲ့ပါ ကြဲပြီးတော့ သူတို့ စက္ကန့်ကို ပြန်ယူသွားတယ်။ ၂ ဖက် စလုံးက စစ်ရေးက တင်းမာနေတုန်းပါ။ တိုက်ပွဲတော့ မဖြစ်သေးဘူးပေါ့နော်။ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တယ်။ အခုလောလောဆယ် စစ်ရေး အခြေအနေက ငြိမ်နေပါတယ်။ တိုက်ပွဲမဖြစ်ဘူး လက်နက်ကြီးနဲ့ အသားလွတ် လှမ်းထုနေတာ။ ကလေးမြို့တောင်ပိုင်း တနေရာမှာလည်း သူတို့စစ်ကြောင်းထိုးနေတယ်ပေါ့နော်။”

ဖေဖော်ဝါရီ ၂၁ ရက်မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၂၃ မှာတော့ ကလေးမြို့နဲ့ ၁ မိုင်ခွဲသာသာဝေးတဲ့ စက္ကန့်ကျေးရွာနဲ့ ကလေးမြို့မြောက်ပိုင်းက ကံကြီးနဲ့ ကံသာယာ ရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီကျေးရွာတွေအပြင် မြို့အစွန်က စစ်တပ် တပ်စွဲထားတဲ့ ကလေးတက္ကသိုလ်က စစ်တပ် စခန်းကိုလည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီလို ဝင်ရောက် တိုက်ခိုက်ချိန် ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ တက္ကသိုလ်ထဲမှာ ရှိနေတာကြောင့် ကယ်ဆယ်ခဲ့ရပြီး ဘေးကင်းရာနေရာမှာ ကောင်းမွန်စွာ ထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ အရေအတွက် အတိအကျနဲ့ ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာတွေကိုတော့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က မပြောပါဘူး။ ဒါပေမယ့်လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးကတော့ တက္ကသိုလ် ဆရာဆရာမနဲ့ ကျောင်းသားတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဖမ်းဆီးထားတာကြောင့် သွားရောက် ကယ်ဆယ်ရာကနေ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်တွေက ဆရာ ဆရာမ အချို့နဲ့ ကျောင်းသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ စစ်တပ်ဟာ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်တာ မြေပြင်ကနေ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံအများအပြား နေအိမ်တွေကို စွန့်ခွါပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ကလေးတောင်ပိုင်းက စစ်ဘေးရှောင်တဦးက သူကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလို ပြောပြပါတယ်။

“တောထဲမှာ ရွာထဲကို မဝင်ရဲဘူး ဟိုနေ့က လက်နက်ကြီးနဲ့ပစ်တော့ မိန်းမ တယောက်ဆုံးသွားတယ်။ သူတို့ဘက်ကလည်း နောက်မဆုတ်သေးဘူး စစ်ကြောင်းက ရှေ့ကို ဆက်ပြီး တက်ခဲ့တာလည်း မရှိသေးဘူး။ တောထဲတောင်ပေါ်တွေမှာသာ ထွက်နေရတာပေါ့။ တဲထိုးထားတဲ့သူက တဲထဲမှာ တဲမထိုးထားတဲ့သူတွေက လှည်းလေးအောက်မှာ ဖျာလေးခင်းပြီး နေနေရတာပေါ့။”

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးမြို့ပေါ် ရပ်ကွက်အချို့အပြင် ကလေးမြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျေးရွာတွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တာကြောင့်လည်း မြို့နေ လူထုတွေ သတိထားကြဖို့ ကာကွယ်ရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG