သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါနယ်မှာ ဒေသခံ အနည်းဆုံး ၉ ဦး သတ်ဖြတ်ခံရ


ဂန့်ဂေါမြို့နယ် ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄)
ဂန့်ဂေါမြို့နယ် ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄)

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း သင်တောကျေးရွာနဲ့ ရွှေဘိုကျေးရွာက ဒေသခံအမျိုးသား ၉ ဦးကို စစ်တပ် ထောက်ခံတဲ့ ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအများစုနဲ့ ကလေးငယ်တွေအပါအဝင် ၁၉ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့ ဒေသခံတွေလည်း ကျေးရွာတွေထဲ မဝင်ရောက်နိုင်ဘဲ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ကိုစံကျော် တင်ပြပေးထားပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက စစ်တပ်ထောက်ခံသူအများစုနေထိုင်တဲ့ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ ရွာနဲ့ ၁ မိုင်ပတ်ချာလည်ဝေးတဲ့ သင်တောရွာနဲ့ ရွှေဘိုရွာကို ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်ကာ နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။ ကျေးရွာထဲကို ဝင်ရောက်ချိန်မှာ ကြောက်လန့်ပြီး မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ သင်တောကျေးရွာနဲ့ ရွှေဘိုကျေးရွာက အမျိုးသား ၉ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောတာပါ။ ဒါ့အပြင် အမျိုးသမီးအများစုနဲ့ ကလေးငယ်တွေအပါအဝင် ၁၉ ဦးကိုလည်း မြောက်ခင်ရန်းရွာကို ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတဦးက ဖြစ်စဉ်ကို အခုလို ပြောပြပါတယ်။

"၇ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကြောင်းထိုးလာရင်းနဲ့ ပြေးရင်းနဲ့ပိတ်မိပြီး ဖမ်းဆီးသတ်ခံရတာ။ စုစုပေါင်း သင်တောက ၇ ယောက် ရွှေဘိုက ၂ ယောက် ၉ ယောက်။ အရပ်သားတွေပဲ သူတို့က ဘေးရွာတွေမှာ စစ်ရှောင်ရင်းနဲ့ ရွာထဲမှာ အခင်းလေးတွေလုပ်တော့ ပဲသိမ်းဖို့ ပြန်လာရင်း အဲ့လိုဖြစ်သွားတာ။ အမျိုးသားတွေပဲ အသတ်ခံရတာ မနက်ပိုင်းမှာ ဖမ်းဆီးခံရပြီးတော့ နေ့လည်ပိုင်းလောက်မှာ သတ်တာလား ဘာလားတော့ မသိဘူး အလောင်းတွေကတော့ သင်တောနဲ့ ရွှေဘိုကြားမှာပဲ ညနေမှောင်မှတွေ့တယ်။ ၆ နာရီ ၇ နာရီလောက်မှ တွေ့တယ်။ အသက် ၆၀ ကျော် ဘိုးတော်ကြီး ၁ ယောက်နဲ့ မိန်းမကြီးတွေကော မိန်းမငယ်တွေကောပေါ့ စုစုပေါင်း ၁၉ ယောက်ကိုလည်း ဖမ်းထားတယ်။ ၁၉ ယောက်မှာ ကလေး ၁၂ နှစ်သား တယောက်ပါတယ်။ ၄ နှစ် သမီးအရွယ် တယောက်ပါတယ်။ ၃ နှစ်သမီးအရွယ်လေး တယောက်ပါတယ်။ သားအမိတွေပဲ ခေါ်သွားတာပေါ့။ အဲ့ ၁၉ ယောက်မှာ မိန်းမက ၁၇ ယောက် ယောက်ကျားက ၂ ယောက်ခင်ဗျ။ ဒီကလေးငယ်လေးအပါအဝင် "

သတ်ဖြတ်ခံရသူတွေဟာ အသက် ၆၀ ကျော်အပါအဝင် အသက် ၂၀ ကနေ ၃၀ အပိုင်းအခြားအထိ အမျိုးသားတွေ ဖြစ်ပြီး သေဆုံးတဲ့ ရုပ်အလောင်းတွေမှာ လက်ပြန်ကြိုးတွေတုပ်ထားပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေအပြင် ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ရုပ်အလောင်းကို မီးသိင်္ဂြိဟ်ပေးခဲ့သူတွေက ပြောပါတယ်။ ဒ့ါအပြင် ကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်ဝင်ရောက်ချိန်မှာလည်း လက်နက်ကြီး အစထိမှန်ကာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ဒေသခံ ၁၀ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေနဲ့ပတ်သက်လို့ ဒီကနေ့ထိ ပြန်မလွတ်သေးဘဲ သတင်းလည်း မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ကြောင့် မြောက်ခရမ်းကျေးရွာအနီးက ကျေးရွာတွေဖြစ်တဲ့ သင်တော ရွှေဘို မြင်သား ကုန်းရွာ စတဲ့ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်မဝင်ကြဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အခုလို အခြေအနေတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ သတ်ဖြတ်ခံမှုမှာ သေဆုံးသွားသူနဲ့တဦးရဲ့ နီးစပ်သူက သူတို့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"စိုးရိမ်ရတယ်ခင်ဗျ။ ကျွန်တော်တို့ဆို ပြည်သူတယောက်မှကို ရွာမှာ မနေရဲလောက်အောင်ကို ဖြစ်နေပြီ။ ကျွန်တော်တို့ ရွာတွေတင်မကဘူး ရွေဘိုကော ဘေးပတ်လည်ကော ပြေးနေရတယ်။ ကျွန်တော်တို့က ပြန်နေလို့မရဘူး။ ပြည်သူတွေက တောတောင်သဘာဝတွေမှာနေနေရတယ်။ သူ့တဲကိုယ့်တဲတွေမှာ နေကြရတယ်။"

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အိမ်ခြေ ၂၄၀ နီးပါးရှိတဲ့ သင်တောကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၅၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို သက်ကြီးရွယ်အို ၂ ဦးလည်း သတ်ဖြတ်ခံရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေကို သတ်ဖြတ် ဖမ်းဆီးသွားတဲ့ မြောက်ခင်ရန်းရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာတရွာဖြစ်ပြီး ကျေးရွာထဲမှာ ခံစစ်အခိုင်အမာ ပြင်ဆင်တာတွေအပြင် လက်နက်အင်အား တောင့်တင်းတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွါချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို ပျူစောထီးတွေက ဖမ်းဆီးမိခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ ဖမ်းဆီးခံရတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို နှိပ်စက်ကာ မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG