သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တချို့ သတ်ဖြတ်ခံရ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)

စစ်တပ်ဝင်ရောက် နယ်မြေရှင်းလင်းခဲ့တဲ့ စစ်ကိုင်းမြို့နယ်ထဲက ရွာမကျေးရွာနဲ့ လယ်ကြီးကျေးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း နယ်မြေရှင်းလင်းခံနေရတာကြောင့် ဒေသခံတွေ မိုးထဲရေထဲ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ဇန်နဝါရီ ၂၄ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ မုံရွာ-မန္တလေး ကားလမ်းနဲ့ ရထားလမ်းဘေးမှာရှိတဲ့ လယ်ကြီးကျေးရွာနဲ့ ရွာမကျေးရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးတော့ နေအိမ်တွေလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၀ ကျော်အရွယ် ရွာမကျေးရွာသားတွေဖြစ်ပြီး ကျေးရွာနဲ့ ၁ မိုင်သာဝေးတဲ့ လယ်ကြီးကျေးရွာကို ဖမ်းဆီးလာပြီး သတ်ဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။ အဲ့ဒီအခြေအနေကို သိရှိတဲ့ ဒေသခံတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“၄ ယောက် အသတ်ခံရတယ်။ ၁ ယောက်က ပါသွားတယ်။ သတ်ခံရတာတော့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သူတို့ကို တိုင်တဲ့သူရှိလို့ နေမှာပေါ့။ အတိအကျနဲ့ဝင်ဖမ်းသွားတာ။ လယ်ကြီး(ရွာ) ရဲ့ အနောက်ဖက်မှာ တန်းစီပြီးတော့ သေနတ်တွေနဲ့ ပစ်သွားတာ။ မပစ်ခင်လည်း နှိပ်စက်ထားတာတွေပေါ့။ လက်ပြန်ကြိုးတုပ်ပြီး တန်းစီရပ်ခိုင်းပြီးတော့ သူတို့(စစ်သား) ၄-၅-၁၀ ယောက် ဝိုင်းပြီးတော့ ပစ်တာ။ နေအိမ်ကတော့ မများပါဘူး။ ရွာမကတော့ ၅ အိမ်လောက်ပေါ့။ လည်ကြီးကတော့ ၆ အိမ်”

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သွားတဲ့ စစ်တပ်ဟာ လည်ကြီးကျေးရွာနဲ့ ၃ မိုင်ခွဲသာဝေးတဲ့ သံချပ်ကာတပ်ရင်းက ဖြစ်ပြီး မနက်ဝေလီဝေလင်းအချိန်မှာ စစ်ကား ၂ စီးနဲ့ ရွာ ၂ ရွာကို တပြိုင်နက် ဝင်ရောက်စီးနင်းကာ နေအိမ်တွေထဲ အတိအကျဝင်ရောက်ဖမ်းဆီးသတ်ဖြတ်သွားတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ အရင်က ဒီကျေးရွာ ၂ ရွာကို စစ်တပ်က မကြာခဏ လာရောက်နယ်မြေရှင်းလင်းပေမယ့် အခုလို ဖမ်းဆီးသတ်ဖြတ်တာမရှိဘဲ နေအိမ်တွေထဲ ပစ္စည်းတွေယူပြီး ပြန်လည်ထွက်ခွါသွားပေမယ့် အခုတကြိမ်မှာတော့ သတင်းပေးရှိတဲ့အတွက် အတိအကျ ဖမ်းဆီးသွားဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။

ခင်ဦးမြို့နယ်ထဲမှာဆိုရင်လည်း စစ်တပ်က နယ်မြေရှင်းလင်းနေပြီး အချိန်အခါမဟုတ် မိုးရွာသွန်းတာရှိတဲ့အတွက် အရပ်သားတွေ မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရပြီး ခက်ခဲနေတယ်လို့ ဒေသခံတွေက အခုလို ပြောပြပါတယ်။

“ရာသီဥတုက ပျက်နေတာနဲ့ဆိုတော့ မိုးကျဘာညာနဲ့ဆိုတော့ ပြည်သူတွေ တော်တော်ဒုက္ခရောက်နေတယ်။ စစ်ဘေးရှောင်တွေ လေတိုက်ပြီးတော့ မိုးက ဖျောက်တောက် ဖျောက်တောက်ဆိုတော့ ဒေသခံတွေအတွက်က စစ်ရှောင်တွေအတွက်က အဆင်မပြေတာ အဆောက်အဦး ဘာညာမရှိတာ တချို့ဆို တောထဲ တဲတွေထဲမှာ နေနေရတာ။ တချို့ဆို သစ်ပင်အရိပ်အောက်မှာပဲ နေနေရတော့ အဆင်မပြေတာခင်ဗျ။ သက်ကြီးရွယ်အိုတွေပါတော့ ကျန်းမာရေးက မကောင်းဘူးလို့ပဲ ပြောရမှာပဲ။ အခုက သက်ကြီးရွယ်အို အများစုပါတယ်။”

ဇန်နဝါရီ ၂၄ ရက်က ရေဦးမြို့ကနေ ခင်ဦးအရှေ့ဘက်အခြမ်းကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာတော့ ခင်ဦးမြို့ မြောက်ဖက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး သရက်ကန်၊ ပင်နင်း၊ စည်ပုတ္တရာ၊ ပေကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၂၀၀၀ လောက် တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG