သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မြို့တိုက်ပွဲ အိမ်ခြေ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံရ


photo crd- Tigyaing Revolution-TR
photo crd- Tigyaing Revolution-TR

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲ နှစ်လကျော်ကာလအတွင်းမှာ ထီးချိုင့်မြို့တွင်းက နေအိမ် ၈၀ ရာခိုင်နှုန်းလောက် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ထီးချိုင့်မြို့အနီးကကျေးရွာတွေကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် နန်းလောဝ်က တင်ပြပေးထားပါတယ်။

ထီးချိုင့်မြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အနည်းငယ် နောက်ဆုတ်ခဲ့ရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“မနေ့ကလောက်ကတည်းက ပြန်စဖြစ်တယ်ဗျ။ တိုက်ပွဲက၊ ပြင်းပြင်းထန်ထန်ဖြစ်သွားလိုက် နားသွားလိုက်ဖြစ်နေတာဗျ၊ ခုက အရင်ထက်စာရင် သူတို့ဘက်က ရှေ့ကိုနည်းနည်းတိုးလာနိုင်တဲ့အနေအထားရှိတာပေါ့ဗျာ။ အဲ့ဒါတော့ဟုတ်ပါတယ်။ ဆုတ်ထားပေးရတာမျိုးရှိတယ်၊ အနေအထားက တအားကြီး ဆုတ်သွားတာတော့ မဟုတ်ဘူးပေါ့ဗျာ။”

ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာတော့ စစ်ကောင်စီဘက်က ထီးချိုင့်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ထီးချိုင့်မြို့မှာ မြို့သိမ်းတိုက်ပွဲ စဖြစ်ချိန် နိုဝင်ဘာ ၈ ရက်နေ့ကနေစပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြို့တွင်းမှာ တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေကြောင့် ထီးချိုင့်မြို့တွင်းမှာ ကျန်ခဲ့တဲ့ ဒေသခံတချို့ ထိခိုက်သေဆုံးတာတွေရှိနိုင်သလို စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးထားတာမျိုးတွေလည်း ရှိနိုင်ပြီး မြို့တွင်းမှာ အရပ်သား သေဆုံးမှု အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ကျေးရွာတွေဘက်မှာတော့ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်လကျော်အတွင်း အရပ်သား ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“မရှောင်ဘဲ ကျန်ခဲ့ကြတဲ့သူတချို့ရှိသလို စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် ခေါ်ထားခံရတဲ့သူတွေလည်း ရှိတယ်လေ။ အဲ့ဒါတွေအနေအထားကကျ ဘယ်လောက်ရှိသလဲ ကျနော်တို့ မသိနိုင်ဘူးပေါ့။ ရွာတွေဘက်ကတော့ တိုက်ပွဲတွေမရှိဘူး၊ ဒီတိုင်း တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ကြဲတာပါ။ မြို့ထဲသေဆုံးမှုကတော့ ကျနော်တို့ မသိနိင်ဘူးပေါ့၊ ဒီမြို့ထဲက ဘာပဲဖြစ်ဖြစ် ၂ ဖက် ထိတွေ့နေတဲကာလဆိုတော့ စစ်တမ်းကောက်နိုင်တာမရှိဘူးပေါ့။ မြို့ပြင်မှာကတော့ လေကြောင်းကြောင့်က ၃၀ လောက်ရှိပြီပေါ့ဗျာ။”

ထီးချိုင့်မြို့ပေါ်က ရပ်ကွက် ၆ ခုက နေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးတာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြို့ပေါ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မီးလောင်ပျက်စီးကုန်ပြီဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

“မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရှို့ခံလိုက်ရပါပြီဗျ။ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းက ရှို့ခံလိုက်ရတာရှိတယ် လေယာဥ်ကြောင့်လောင်ပြီးတော့ ဆုံးရှုံးရတာတွေလည်းရှိတယ်ပေါ့၊ အများဆုံးကတော့ အရှို့ခံရတာတွေပေါ့။”

ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာ ၈ ရက်နေ့ကစတင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ AA၊ PDF၊ ABSDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်နက်အင်အား လူအင်အား ထပ်တိုးဖြည့်တင်းထားပြီး မြို့ပေါ်နေရာ အချို့ကို ပြန်လည်နေရာယူနေတယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG