သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီခမ်းကြီးရွာ စစ်ကောင်စီစခန်း KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

ကချင်ပြည်နယ် မံစီမြို့နယ်က စီခမ်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၄ ရက်ကြာတိုက်ခိုက်ပြီးနောက်မှာ တနင်္လာနေ့ ညနေပိုင်းက သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တရက်ကို ဗုံးအလုံး ၁၀၀လောက် ကြဲချတိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း လည်းပြောပါတယ်။ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေရှိသလို ဒေသခံရွာသားတွေလည်း မံစီမြို့နဲ့ ဗန်းမော်မြို့တွေကို တိမ်းရှောင်နေကြပါတယ်။ ဒီသတင်းကိုတော့ ကိုစည်သူက တင်ပြထားပါတယ်။

မံစီမြို့နယ်က စစ်ကောင်စီရဲ့ စီခမ်းကြီးတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ရက္ခိုင်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီလ ၁၆ရက်နေ့က စတင်တိုက်ခိုက် ခဲ့တာပါ။ ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာတော့ တနင်္လာနေ့ ညနေပိုင်းမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ မံစီမြို့နယ် စီခမ်းကြီး တပ်စခန်းကိုတော့ မနေ့က ညနေပိုင်း ၅နာရီ ၄၅မိနစ်အချိန်မှာ အားလုံး သိမ်းပိုက်လို့ ရပြီ။ စကစ စစ်သားတွေ ထွက်ပြေးတာတွေ ထွက်ပြေးပြီး ကျတာတွေ ကျ၊ အကုန်လုံး သိမ်းပိုက်လို့ ရပြီတဲ့ ရှေ့တန်းက သတင်းတွေ ပို့လာတာရှိပါတယ်။ ၁၆ရက်ကနဲ့ စတိုက်တာဖြစ်ပါတယ်။ ၄ရက်ပေါ့။ ဒီနေ့ကတော့ နယ်မြေရှင်းလင်းရေးလုပ်နေတာ။ ”

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

၄ ရက်ကြာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တရက်ကို ဗုံးအလုံး ၁၀၀လောက် ကြဲချခဲ့ပြီး ကချင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ အဓိကကတော့ စစ်ကောင်စီကတော့ လေကြောင်းကို အသုံးပြုတာ။ တော်တော် ပြင်းပြင်းထန်ထန်ပေါ့။ ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ ကျနော်တို့ KIA နဲ့ တိုက်တဲ့ တိုက်ပွဲထဲမှာတော့ အဲဒီ တိုက်ပွဲကတော့ အပြင်းထန်ဆုံးဖြစ်မှာပါ။ လေကြောင်းနဲ့ တိုက်ခိုက်တာပေါ့နော်။ တနေ့ကိုတောင်မှာ ၁၀၀ကျော်ပေါ့။ ဗုံးသီးတွေ ၁၀၀ကျော် လောက် သူတို့တွေ ကြဲပေးတာရှိတယ်။ သူ့ရဲ့အခြေခံကတော့ တပ်ရင်း ၁၅ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုဘက်ကနေ ပေါင်းလိုက်၊ ဒီဟာနဲ့ ပေါင်းလိုက်ဆိုရင်တော့ တပ်ရင်း ၅ရင်းလောက် ထိုင်တယ်လို့ ပြောတယ်။”

စီခမ်းကြီးရွာဟာ ကချင်ပြည်နယ်မံစီမြို့နယ်နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်အစပ်ဒေသမှာရှိတာဖြစ်ပါတယ်။ စီခမ်းကြီးတပ်စခန်းမှာတော့ မဘိမ်းဘက်က ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေလည်း ပူးတွဲထိုင်ထားကြောင်း ၊ တရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း သေဆုံးတာတွေ လည်း ရှိကြောင်း၊ နှစ်ဘက် ထိခိုက် ကျဆုံးတာနဲ့ အရပ်သား သေဆုံးမှုစာရင်းတွေတော့ အတိအကျ သတင်းမရသေးကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲကြောင့် စီခမ်းကြီးရွာက ဒေသခံတွေဟာ မံစီ၊ ဗန်းမော်နဲ့ အခြားနီးစပ်ရွာ ကျေးရွာတွေဆီ တိမ်းရှောင်နေကြပြီး လောလောဆည် စစ်ရှောင်တွေရဲ့အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ အဲဒီ စီခမ်းကြီးဘက်ကဟာတွေ ဗန်းမော် သိမ်တော်ကြီး ဝန်းမှာ ပြည့်နေပြီတဲ့။ အဲဒါ မနေ့က ဟန်ထက် ဂိတ်မှာ ၈ယောက်လား ၊ ၆ယောက်လား မသိဘူး အဲဒါ စစ်သားစုဆောင်းသွားတယ်တဲ့။ အခု စီခမ်းကြီးမှာလည်း အယောက် ၆၀- ၇၀လောက် ပိတ်မိနေတယ်တဲ့။ သူတို့လည်း ပြန်ထွက်ဖို့ မရဲ။ အဲ စစ်သားစုဆောင်းတယ် ဆိုတော့..။ ”

မနေ့က ဗန်းမော်သိမ်တော်ကြီးကျောင်းမှာတော့ လူ ၄၀ကျော်ရောက်ရှိခဲ့သလို ဒီနေ့မှာလည်း ၁၀၀လောက် ရောက်လာဖို့ ရှိနေပါတယ်။ ဗန်းမော် ရိုးကြီးရွာမကျောင်းမှာလည်း စစ်ရှောင်တွေ များပြားလွန်းပြီး နေရာအခက်အခဲရှိတာကြောင့် အခြားကို ပြောင်းရွှေ့ဖို့ စီစဉ်တာတွေ ရှိကြောင်းသိရပေမဲ့ ရောက်ရှိလာတဲ့ လူဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီကနေ့လည်း လူမှုရေးအသင်းတွေက စီခမ်းကြီးဘက်မှာ ပိတ်မိနေသူတွေကို ခေါ်ဆောင်ဖို့ သွားရောက်တာတွေ ရှိနေပေမဲ့ စစ်သားစုဆောင်းတယ်ဆိုတဲ့ သတင်းကိုတော့ သီးခြား အတည်ပြုချက် မရပါဘူး။

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ဒီလ ၁၉ရက်နေ့က စစ်ကောင်စီတပ်က မံစီမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတယောက် ထိမှန်သေဆုံးကြောင်း၊ အရင်ရက်တွေကလည်း အလားတူပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်းနဲ့ ဒီလ ၁၇ရက်နေ့က စီခမ်းကြီးမှာ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေး ၂ဦးအပါအဝင် အရပ်သား ၆ဦး သေဆုံးကြောင်း သတင်းဖော်ပြတာတွေရှိနေပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းမှာကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ကောင်စီရဲ့တပ်စခန်း အတော်များများကို သိမ်းယူတာတွေ ရှိခဲ့ပြီး မံစီမြို့နယ်အတွင်းက မံဝိန်းကြီး ကိုက်ထိပ် နဲ့ ဘလောင်ဒိန်ဆာ စတဲ့ စခန်းတွေကို KIA က သိမ်းယူထားပါတယ်။ လောလောဆည်မှာတော့ KIA က သိမ်းယူထားတဲ့ မဘိမ်းမြို့နဲ့ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်ဘက်မှာလည်း စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအချို့ တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG