သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆင်ဘိုအနီး စစ်ရေးတင်းမာ


Google Map မြေပုံကနေ တွေ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲ ဧရာဝတီမြစ်ဘေးက ဆင်ဘိုမြို့
Google Map မြေပုံကနေ တွေ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲ ဧရာဝတီမြစ်ဘေးက ဆင်ဘိုမြို့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဆင်ဘိုမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ကြောင်း KIA က ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို မသိမ်းနိုင်သေးတာကြောင့် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေပါတယ်။ ဖားကန့်မြို့နယ်ထဲမှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဖားကန့် - ကာမိုင်းလမ်းမှာ ၃ ရက်ခန့် ကားအသွားအလာတွေ ရပ်နားနေခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကားတွေ စတင်သွားလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့နယ်က ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ပူးပေါင်းတပ်တွေက ဒီလ ၁၀ ရက်နေ့က သိမ်းယူခဲ့တာဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်းမှာတော့ ဒီလ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဆင်ဘိုမြို့အနီးက ခလရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားပြီး စစ်ရေးတင်းမာနေကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ဆင်ဘိုဘက်မှာ ၁၀ရက်နေ့ကတော့ တပ်မဟာ ၈ပေါ့။ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်တိုက်တာ ဖြစ်ပါတယ်။ ရွာဘက်ကိုတော့ ရဲစခန်းတို့ ဘာတို့ပေါ့။ အရပ်ဘက် ဌာနတွေ ရှိတဲ့ ရွာဘက်မှာတော့ ဝင်လို့ ရပြီလို့ ပြောတယ်။ ဒါပေမဲ့ တပ်စခန်းကတော့ ရွာနဲ့ နည်းနည်းဝေးတာပေါ့။ သီးသန့် တည်ထားတဲ့နေရာဖြစ်နေတယ်။ ဆိုတော့ အဲဒီဘက်ကတော့ အခု သိမ်းလို့ မရသေးဘူး။ အားလုံး ဝိုင်းတဲ့အနေအထားလောက်ပဲဖြစ်ပါတယ်။ တိုက်ပွဲတွေကလည်း ဆက်မဖြစ်ဘူး။ ၃ ရက်လောက်ရှိပါပြီ။ အဲဒီအခြေအနေဖြစ်ပါတယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

တိုက်ပွဲဖြစ်ပွားတဲ့ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာတော့ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့်နေအိမ်အချို့ ပျက်ဆီးခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြောင်း ကချင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့အထက် ၁၄ မိုင်လောက်အကွာမှာ တည်ရှိပြီး ၂၀၀၂နှစ် က မြို့အဖြစ်သတ်မှတ်ထားတာပါ။ ဒီရက်ပိုင်းအတွင်း ဖားကန့်မြို့နယ် ကျောက်ဖျာရွာဘက်မှာ KIA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ဖားကန့်ဘက်လည်း အဲလိုပါပဲ။ စကစ ဘက်က သူတို့ လုံခြုံရေး လှည့်ပတ်နေတာလား မသိဘူးပေါ့နော်။ နည်းနည်းလှုပ်ရှားလာလို့ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တာဖြစ်ပါတယ်။ တပ်စခန်းသိမ်းတဲ့ တိုက်ပွဲတွေတော့ မဟုတ်ဘူး။ ၆မိုင်လို့ ကျနော်တို့ အခေါ်ပေါ့နော်။ ၆မိုင် ကျောက်ဖျာ အဲဒီနေရာမှာ ဖြစ်တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ ”

ဖားကန့်ဒေသခံတွေက ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့မှာ ကျောက်ဖျာဘက်မှာ ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး ကားလမ်းတွေပိတ်ခဲ့သလို ဒီကနေ့တော့ လမ်းပြန်ဖွင့်ပြီဖြစ်ကြောင်း ပြောပါတယ်။

“ ဟိုတနေ့က ဒီ ၆မိုင်၊ ၅မိုင် ဒီကြားမှာ တိုက်ပွဲပြန်ဖြစ်တာ။ နောက်မနက် မနေ့ကတော့ ကျောက်ဖျာရဲ့ ဒီဘက်မှာ ဖြစ်တယ်။ ဟိုတနေ့ကလည်း လေယာဉ် ၂စီးနဲ့ လာပစ်တယ်။ မနေ့ကလည်း ၂ စီးလာပြီးမှ ဟိုး နန့်တိန်းရဲ့ ဟိုဘက်လား၊ မှော်ဝမ်းဘက်လား အဲဒီဘက်လား မသိဘူး။ တောထဲမှာလား မသိဘူး။ သွားပစ်ခဲ့တာ။ ၂ ရက်၊ ၃ ရက် ကားလမ်းပိတ်သွားတာ။ ဒီနေ့ကတော့ နမ့်ယားဟိုဘက် ကားလမ်းက ဖွင့်နေပြီ။ ”

ဒီတိုက်ပွဲအတွင်း နမ့်ယားမှာ ကားစပါယ်ယာတဦး လက်နက်ကြီးထိမှန်သေဆုံးကြောင်း ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖားကန့် ကာမိုင်းလမ်းပေါ်က စစ်ကောင်စီရဲ့ နန့်တိန်း တပ်စခန်းကို KIA က သိမ်းယူခဲ့တာကြောင့် လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က နန့်တိန်းစခန်းကို ပြန်လည် သိမ်းယူဖို့ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲတွေ ဖြစ်ပွားတာဖြစ်ကြောင်းလည်း သုံးသပ်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG