ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မအူပင်ကျေးရွာတွင်းကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ဝင်ရောက်လာပြီးနောက် ကျေးရွာ နေအိမ် ၁၇လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မအူပင်ကျေးရွာသားတွေဟာ စစ်ကြောင်း ဝင်ရောက်လာစဉ်တည်းက ထွက်ပြေးတိမ်းရှောင်နေပြီး ရွာသားအချို့ ဖမ်းဆီးခံရကြောင်း ပြောဆိုပေမဲ့ လူဦးရေ အတိအကျတော့ မသိရသေးပါဘူး။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။
ကချင်ပြည်နယ် ကားမိုင်း-ဖားကန့် လမ်းက နမ့်တိန်ကျေးရွာကို ဇန်နဝါရီလပထမပတ်အတွင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန်မှာ KIA က မအူပင်ကျေးရွာမှာ ဂိတ်ထိုင်ပြီး ကားအသွားအလာတွေကို တားဆီးတွေ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ နမ့်တိန်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တဲ့နောက် ဖားကန့်ဗျူဟာကုန်းကနေ နမ့်တိန် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့သလို စစ်ရေးအခြေအနေဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ကားမိုင်းဘက်က စစ်ကောင်စီစစ်ကြောင်းဟာ ဖားကန့်ဘက်ကို ချီတက်လာပြီး မနက် ၁၀နာရီကျော်မှာ အရင် KIA စခန်းထိုင်ခဲ့တဲ့ မအူပင်ကျေးရွာကို မီးရှိုခဲ့ကြောင်း ဒေသခံတယောက်က VOA ကို ပြောပါတယ်။
“အရင်တုန်းက ဒီ နမ့်တိန်တိုက်ပွဲဖြစ်နေတဲ့အချိန် အဲဒီမှာက ဒီ KIA ဘက်က ကားတွေ ဘာတွေ ရပ်ခိုင်းတာပေါ့နော။ အခုကတော့ လမ်းပြန်ဖွင့်ပြီ။ လမ်းဖွင့်တာနဲ့ အဲဒီမှာ ကာမိုင်းက စစ်တပ်တွေ လာပြီးမှ လက်နက်ကြီးရော ပစ်ပြီးမှ အဲဒီမှာ ဝင်သွားပြီးမှ အဲဒီမှာ အိမ်မီးရှို့ပြီးမှ ပြန်သွားတာ။ ဒီမနက်တော့ ပထမ ၉အိမ်ပဲလောင်တယ်လို့ ပြောတာ အခုက ၁၇အိမ်လောင်သွားတယ်လို့ ပြောတာ။ ၁၀နာရီ မထိုးခင်ကနေဖြစ်တာ ၁၀နာရီခွဲလောက်မှာ ငြိမ်သွားတယ်လို့ ပြောတာ။ ”
မအူပင်ရွာသားတွေကတော့ စစ်ကြောင်းဝင်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကတည်းက တိမ်းရှောင် ထွက်ပြေးကြကြောင်းနဲ့ ရွာသားအချို့ အဖမ်းခံရတာ ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“ ပထမ သူတို့ ပစ်ပြီးတော့ လာခဲ့တယ်ဆိုတော့ အကုန်လုံး တောထဲမှာ ဘာမှ မရဘူး။ ဖိနပ်တောင်မစီးဘူး လွတ်အောင်ဆိုပြီးတော့ ပြေးခဲ့တယ်တဲ့။ အသေအပျောက် အခုထက်ထိတော့ ဘာမှတော့ သတင်းတော့ မကြားရသေးဘူး။ ဒါပေမဲ့ တချို့လူတွေတော့ ခေါ်သွားတယ်လို့ ပြောတယ်။ အခု အတိအကျမသိရသေးဘူး။”
ဒေသတွင်းသတင်းမီဒီယာတွေကတော့ ဖမ်းဆီးခံရသူတွေဟာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC က ဓမ္မဆရာတဦးနဲ့ ရွာသားအချို့ ပါဝင်ကြောင်း ၊ သူတို့ကို ကာမိုင်းဘက်ကို ခေါ်သွားကြောင်း ဖော်ပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း အခုလို ပြောဆိုပါတယ်။
“ နမ့်တိန်စခန်းသိမ်းပြီးတဲ့နောက်ပိုင်း ဒီနေ့ ကာမိုင်းဗျူဟာဘက်ကတက်လာတဲ့ စစ်ကြောင်းလို့ ယူဆရတာပေါ့။ အဲဒီအဖွဲ့တွေကတော့ ဖားကန့်လမ်းက မအူပင်ရွာကို အကုန်လုံး မီးရှို့လိုက်တဲ့အခြေအနေတော့ ရှိပါတယ်။ ဒီနေ့တော့ အဲဒီမှာ တိုက်ပွဲတွေလည်း မရှိဘူး။ အဲဒီရွာမှာတော့ ကျနော်တို့ KIA တပ်ဖွဲ့တွေလည်း မရှိဘူး။ ပြည်သူလူထုရဲ့ နေအိမ်တွေကို လာပြီးမှ မီးရှို့သွားတာကတော့ ရှိပါတယ်။ အဲဒီအခြေအနေကတော့။”
ဒေသခံအချို့ကတော့ နမ့်တိန်တပ်စခန်းကို KIA က သိမ်းယူလိုက်တဲ့နောက် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ ရှိတာကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုတာတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ နမ့်တိန်ရွာကို KIA က ထိန်းချုပ်ထားဆဲ ရှိနေပါတယ်။