သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ဒေသ နောက်ဆုံးအခြေအနေ


KIA တပ်သားများ
KIA တပ်သားများ

ဒီကနေ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က မလိယန်ကျေးရွာဘက်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေရှိပြီး ရွှေကူမြို့နယ်မှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIAက ငါးဘတ်ကြီးရွာအခြေစိုက် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ရွှေကူ ဒေသခံတွေကတော့ သူတို့မြို့နဲ့ ၂မိုင်လောက်အကွာက ငါးဘတ်ကြီးစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ကသိမ်းယူလိုက်ကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA အကြား စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်အတွင်း ဒီကနေ့မှာတော့ နေရာ ၂ နေရာမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ဝိုင်းမော်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာရှိခဲ့ပြီး ရွှေကူမြို့မှာတော့ KIA ဘက်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူ က ပြောပါတယ်။

“ ဒီနေ့ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေနေကတော့ မြစ်ကြီးနားကနေ ကဇူ၊ဒဘတ်ယန်ဘက်ကို၊ မလိယန်ပေါ့၊ မလိ.. ဂျာပူဘက်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်တွေတော့ ရှိပါတယ်။ မြေပြင်တိုက်ပွဲကတော့ အဲဒီဘက်မှာ မရှိဘူး။ ဒုတိယအချက်ကတော့ ရွှေကူအထက်နားလောက်မှာ ခမရ ၆၀၂နဲ့ ခလရ ၅၆ ဒီရှေ့တန်းစခန်းတွေပေါ့နော် ။ အဲဒါကို KIA တပ်ရင်း ၁၂က ဝင်ရောက်တိုက်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ အသေးစိတ်အခြေအနေကတော့ အခုထိကတော့ ဘာမှ မသိရသေးပါဘူး။”

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်ဘက်မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ဝင်ရောက် အင်အားဖြည့်တင်းတာရှိပေမဲ့ မြေပြင်တိုက်ပွဲဖြစ်တဲ့သတင်းတော့ မရရှိကြောင်း ပြောပါတယ်။ မလိယန်ကျေးရွာဘက် ဗုံးကြဲတိုက်ခိုက်တဲ့အခြေအနေကို မေးမြန်းနိုင်ဖို့ ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကတော့ ရွှေကူမြို့နဲ့ ၂မိုင်ကွာ ရွှေကူ- ဗန်းမော်ကားလမ်းဘေးက ငါးဘတ်ကြီးရွာ တပ်စခန်းကို မနက် ၅နာရီကျော်လောက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ငါးဘတ်ကြီးရဲ့ အထက်ဘက်မှာလေ ဆက်သွယ်ရေးစခန်းပေါ့။ ဆက်သွယ်ရေးစခန်းလေးတခုရှိတယ်။ အဲဒီမှာ လုံခြုံရေးတွေ ရှိတာကိုး။ အဲဒါကို မနက်က လာပြီး ဝင်သိမ်းတယ်။ သူတို့ ဆက်သွယ်ရေးကရိယာတွေ ဖျက်ဆီးသွားတယ်လို့ ပြောတာပေါ့။ မနက် ၅နာရီ ၄၀လောက်ကနေ ထုနေကြတာ။ ပစ်နေကြတာ။ ၈နာရီကျော်ပတ်ဝန်းကျင် အဲလောက်မှ ငြိမ်သွားတာ။ ဒီ ဗန်းမော်- ရွှေကူ ကားလမ်းဘေးမှာပေါ့ဗျာ။”

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီရဲ့ ရွှေကူတပ်စခန်းက လက်နက်ကြီးပစ်ခတ်တာရှိသလို စစ်ကူတပ်ဖွဲ့တွေလည်း ငါးဘတ်ကြီးရွာဘက် သွားတာတွေ ရှိကြောင်းပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ငါးဘတ်ကြီးအနီးက ကျေးရွာ ၅ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုချက်တော့ မရသေးဘူး။

ရွှေကူမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား မကြာခန တိုက်ခိုက်တာတွေရှိခဲ့သလို ရွှေကူမြို့ပေါ်က အုပ်ချုပ်ရေးရုံး၊ ရဲဌာနတွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာက ရဲစခန်းနဲ့ စစ်ကောင်စီတပ် တပ်စွဲထားရာ အထက်တန်းကျောင်းကို KIA ၊ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG