သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တော်လှန်ရေး ၆၃ နှစ်ပြည့် KIO နယ်မြေမှာ ကျင်းပ


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ဇူလိုင် ၂၆၊ ၂၀၁၆)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ဇူလိုင် ၂၆၊ ၂၀၁၆)

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတဲ့နောက် အများလိုလားတဲ့ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဆိုရင် သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် ကျင်းပပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ဒီနေ့ကျရောက်တဲ့ ၆၃နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နယ်မြေအရ ပဋိပက္ခတွေဖြစ်လာရင်ဆွေးနွေးဖို့ ရှင်းဖို့ လိုအပ်ကြောင်းလည်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၃နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို KIO ရုံးခွဲတွေက နယ်မြေဒေသအလိုက် ကျင်းပခဲ့ပြီး KIO ဥက္ကဋ္ဌက သူရဲ့မိန့်ခွန်းကို စာနဲ့ ထုတ်ပြန်ခဲ့သလို ရုပ်သံရိုက်ကူးပြီး ပေးပို့တာလည်း ရှိခဲ့တာပါ။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကို ကချင်ဘာသာနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီမိန့်ခွန်းပါ အရေးကြီးတဲ့အချက်တွေကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြပါတယ်။

“ ဥက္ကဋ္ဌကြီးရဲ့ မိန့်ခွန်းကို တရားဝင် ဗမာလို ဘာသာပြန်ထားတာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီ မိန့်ခွန်းထဲက အရေးကြီးတဲ့ အပိုင်းတွေကို ကျနော် အတတ်နိုင်ဆုံးပေါ့ကွာ နည်းနည်း ရှင်းပြမယ်ဆိုလို့ ရှိရင်တော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ လိုလား တောင့်တနေတဲ့ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတွေကို ကျင်းပပြီးမှ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တဲ့အကြောင်းတွေ ပါပါတယ်။ ”

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်မြေတခုတည်းမှာ လှုပ်ရှားတဲ့အခါ အချင်းချင်း ပွတ်တိုက်မှုတွေ ရှိတတ်တာကြောင့် ဒါကို ဆွေးနွေးဖြေရှင်းဖို့လိုလားကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းဟာလည်း ဒီတော်လှန်ရေးအချိန်ကာလမှာ နေရာတွေကတော့ တနေရာတည်း ရောနှောပြီးမှ ထပ်ပြီးမှ နေတဲ့နေရာတွေလည်း အများကြီး ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ အချင်းချင်းတွေ ထိတွေ့မှုတွေ ပွတ်တိုက်မှုတွေ ရှိနိုင်၊ ဖြစ်နိုင်တာလည်း ရှိပါတယ်။ နယ်မြေနဲ့ ပတ်သက်တဲ့ ပြဿနာ၊ နေရာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ ကျနော်တို့ ဆွေးနွေးတဲ့ ပုံစံနဲ့ ဖြေရှင်းဖို့ ကျနော်တို့ KIO မှာ ဆန္ဒရှိတဲ့အကြောင်းတွေ ပါပါတယ်။ ဒီပွတ်တိုက်မှုတွေကို စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းတွေကို ကျနော်တို့ KIO က မလိုလားတဲ့အကြောင်းတွေ ပါပါတယ်။”

အခြားအချက်တွေအနေနဲ့တော့ ကချင်တွေ လူမျိုးနဲ့ နိုင်ငံအကျိုးအတွက် တော်လှန်ရေးလုပ်ငန်းတွေမှာ မိမိဆန္ဒအလျောက်ပါဝင်ကြဖို့၊ လူမျိုးနဲ့ ဒေသကို အခြေခံတဲ့ ပြည်သူ့စစ်ဖွဲ့စည်းတာတွေမှာ မပါဝင်ဖို့နဲ့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ပတ်သက်တာမျိုးမလုပ်ဖို့ စတာတွေလည်း ထည့်သွင်း ပြောခဲ့ ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့မှာ ဖွဲ့စည်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုတော့ ၁၉၆၁ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။ KIA ဖွဲ့စည်းတည်ထောင်တဲ့နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ KIA ဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသက စစ်ကောင်စီတပ်စခန်း ၂၀ခန့်ကို သိမ်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း ဖားကန့်မြို့နယ်ရှိ နန့်တိန်တပ်စခန်းကို သိမ်းယူခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ဖားကန့်မြို့နယ်ထဲက နန့်တိန် စခန်းကိုတော့ စနေနေ့က သိမ်းတာဖြစ်ပါတယ်။ ”

နန့်တိန်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆန်းကတည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တလနီးပါးအကြားမှာ သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။ နန့်တိန် ဒေသခံတွေကတော့ ပြီးတဲ့လ တိုက်ပွဲစတင်တည်းက တိမ်းရှောင်နေကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ PNA ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆီဆိုင်မြို့အနောက်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ဒီကနေ့တော့ အနောက်ဘက်ခြမ်းမှာ ဖြစ်နေတယ်။ မတ်ကောက်ဘက်တို့ မိုင်းဟိုင်ဘက်တို့။ ဒီမနက်အစောလည်း ဖြစ်တယ်။ မနေ့ကလည်း ဖြစ်တယ်။ လေယာဉ်ပျံတော့ ဝဲတယ်။ အောက်ကတိုက်ပွဲ လက်နက်ငယ်လည်း များတယ်။ ”

PNLA ကတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာရှိသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် နေ့စဉ် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ပအိုဝ်းလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဇဝနာရာမ ပရိယတ္တိစာသင်တိုက် အပါအဝင် ဘုန်းကြီးကျောင်း ၅ကျောင်း၊ ဓမ္မာရုံ တခု၊ ဘုရားကျောင်းတကျောင်းနဲ့ စာသင်ကျောင်းတကျောင်း ပျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံတွေအနေနဲ့ ဆီဆိုင်မြို့ထဲကို ဝင်ရောက်ပြီး ပစ္စည်းယူတာ နေအိမ်ပြန်ကြည့်တာတွေ မလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၂၂ရက်နေ့က စတင်ဖြစ်ခဲ့ပြီး ဆီဆိုင်မြို့ကို PNLA တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဆီဆိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG