သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တဝိုက် တိုက်ပွဲပြင်းထန်၊ အရပ်သားသေဆုံးမှုတွေရှိ


ကလေးမြို့
ကလေးမြို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေး တင်းမာနေပြီး အရပ်သား သေဆုံးတာတွေ ရှိခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ပုလဲမြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲနဲ့စစ်ဘေးရှောင် အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ ၄ နေရာထက်မနည်းကို ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးမြို့ပေါ် ရပ်ကွက်က နေအိမ်တွေအပေါ် လက်နက်ကြီးကျပြီး အရပ်သားတချို့ သေဆုံးခဲ့သလို တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်လာတဲ့အချိန်မှာ ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေဘက်ကို မြို့ပေါ်မှာရှိတဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံ ၅ ထောင်နီးပါးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူ တဦးက အခုလို ပြောပါတယ်။

“ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်က အိမ်ပေါ်ကို စစ်ကောင်စီဘက်က လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦးဆုံးသွားတယ် ၄ ဦး ဒဏ်ရာရတယ်။ ကလေးမြောက်ပိုင်း လက်ပံချောင်းဘက်ကို လက်နက်ကြီးနဲ့ထုလို့ လက်ပံချောင်းမှာရှိတဲ့ ပြည်သူတွေ နောက်ထပ် ပြည်တော်သာ ကျေးရွာမှာရှိတဲ့ ပြည်သူတွေ တော်တော်လေး ထိခိုက်ဒဏ်ရာရတယ်။ ကလေးမြောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးဘက်က စစ်မျက်နှာ ၃-၄ မျက်နှာဖွင့်ထားတာဆိုတော့ ကလေးမြောက်ပိုင်းမှာ အနည်းဆုံး ရွာ ၃ ရွာ ထွက်ပြေး တိမ်းရှောင်ရတယ်။ ကလေးနယ်တောင်ပိုင်းမှာဆိုရင် ကလေးမြို့ပြင်က ထီးစံကျေးရွာရှိမယ်။ စက္ကန့်ကျေးရွာရှိမယ်။ ရှားတောကျေးရွာ လေးအိမ်စု - သုံးအိမ်စု မြောင်းဆုံပေါ့နော်။ အဲ့ရွာ ၆ ရွာ ၇ ရွာလောက်က ဘေးလွတ်ကင်းရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ခန့်မှန်းခြေ ပြည်သူ ၅ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။”

ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေဖြစ်တဲ့ ကလေးမြို့ မြို့လှရပ်ကွက် ကလေး နည်းပညာကောလိပ်နဲ့ ကလေးမြို့တောင်ပိုင်း ဆင်ခြေဖုံးအရပ်က စက္ကန့်ကျေးရွာနဲ့ ကလေးမြောက်ပိုင်းက ကံကြီးကျေးရွာ ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ကံကြီးကျေးရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေး အခြေအနေသိရှိ သူတွေက ပြောပါတယ်။

နောက်ရက်တွေမှာတော့ တိုက်ပွဲ သိပ်မပြင်းထန်တော့ဘဲ ပစ်ခတ်မှု အနည်းငယ်သာရှိပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ကလေးမြို့ပေါ်မှာ လူအသွားအလာ နည်းပါးသွားပြီး စစ်တပ်ဘက်က အင်အားအများအပြားနဲ့ ကင်းလှည့်နေတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါက ကလေးမြို့နယ်ထဲက အခြေအနေတွေပါ။

ပုလဲမြိုနယ်ဘက်မှာဆိုရင်လည်း မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာတွေဘက်မှာ ဒီကနေ့အထိ ၅ ရက်ကြာ နယ်မြေ ရှင်းလင်းနေတာပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံအချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ပုလဲမြို့နယ်ထဲက အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

“စစ်ကြောင်းထိုးလာတာ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာတော့ ၁၈ ရက်နေ့မှာ ပုလဲ အနောက်ဘက် မြကုန်းရယ်၊ စေတီယုံရယ်၊ ကုက္ကိုလ်ကုန်းရယ် လမ်းကြားလေးမှာ ကာကွယ်ရေး အဖွဲ့တခုနဲ့ ထိပ်တိုက် ထိတွေ့မှု ဖြစ်ခဲ့တာပေါ့။ ထိတွေ့မှုဖြစ်တဲ့အခါမှာ သူတို့ဘက်က ထိခိုက်ကျရှုံးမှု များလို့ထင်တယ်၊ လေကြောင်း ပစ်ကူလာတယ်။ ၂၀ ရက်နေ့ကြတော့ ကြောင်သန်း ကို ထိုးချလာတာပေါ့။ အလှူရှိနေတော့ အဲ့မှာတော့ အယောက် ၂၅-၃၀ မိတယ်လို့ သတင်းရတယ်။ လောလောဆယ် ဖမ်းဆီးခံရသူတွေက ကျန်ခဲ့လား မကျန်ခဲ့လား အဆက်အသွယ် မရဘူး။ ဘာလို့လည်းဆိုတော့ လမ်းကြောင်းအနေအထားက နီးတော့ ကျွန်တော်တို့ မသွားရဲဘူး။ မြေပြင်အနေအထားကလည်း ရှုပ်ထွေးနေတော့ ရွာထဲဝင်သွားတာတော့ သိတယ်။ ခေါ်သွား မခေါ်သွားတာ မပြောနိုင်တာ။”

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်၊ အိုးဖိုး ၊ မကျီးကုန်း ၊ နှောကန် ၊ ငှက်ပျောတော တောင်ရွာနဲ့ မြောက်ရွာ စတဲ့ကျေးရွာ ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိအချိန်မှာ ငှက်ပျောတော ရွာက တိမ်းရှောင်နေတဲ့အတွက် အဲဒီရွာ နေအိမ်တွေထဲက စားစရာနဲ့ အသုံးအဆောင်တွေကို စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာထဲကို သယ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကလေးမြို့နဲ့ပုလဲမြို့က တိုက်ပွဲတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီက သတင်း တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG