သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့နယ်တွင်း လက်နက်ကြီးကျရောက်လို့ အရပ်သားတွေသေဆုံး


kalay city ကလေးမြို့
kalay city ကလေးမြို့

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းက စီးစံရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေပါ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ကလေးမြို့မှာ ၁ လ ကျော်အတွင်း လက်နက်ကြီး ထိမှန်တာကြောင့် သေဆုံးသူ ၁၀ ဦးကျော်ပြီး ထိခိုက်ဒဏ်ရာ ရသူ ၃၀ ဦးထက် မနည်း ရှိတယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေက ပြောပါတယ်။စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က စစ်ရေးသတင်းပေးပို့ချက်တွေကို ကိုရဲမွန် ပြောပြပါမယ်။


စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းက စီးစံရွာမှာ ဇူလိုင် ၁၃ ရက် ညပိုင်းက အရပ်သား နေအိမ်တွေပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် လင်မယား ၂ ဦးသေဆုံးခဲ့ပြီး ၂ နှစ်အရွယ် ကလေးဖြစ်သူလည်း ဦးခေါင်းမှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကနေ ကျေးရွာတွေဘက်ကို ပစ်ခတ်တာကြောင့် အခုလို သေဆုံးရတာလို့လည်း မြေပြင်မှာ ကူညီပေးနေသူတွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“ည ၈ နာရီဝန်းကျင်မှာပေါ့နော် စစ်ကောင်စီစခန်းက မူးယစ်သောက်စားမူးပြီးတဲ့အခါမှာ ကလေးမြို့အနီးနားမှာ ရှိတဲ့ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာပေါ့။ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ နေအိမ်အတွင်းမှာပေါ့ စီးစံကျေးရွာပေါ့။ အသက် ၂၅ ဝန်းကျင် အစ်ကိုတယောက်ရယ် ဇနီးဖြစ်သူပေါ့နော်။ သူတို့ ၂ ယောက်ကတော့ သူတို့ ၂ ယောက် အိပ်တဲ့အိမ်ပေါ် ကျပြီးကာမှ သေဆုံးသွားတယ်ပေါ့။ ဝမ်းဗိုက်ကိုမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ သားဖြစ်တဲ့ အသက် ၂ နှစ်ဝန်းကျင် ကလေးငယ်လေးက ဦးခေါင်းကို အနည်းငယ် ထိခိုက်သွားတယ်ခင်ဗျ။ အိမ်နီးချင်း အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာ ရထားတယ်ခင်ဗျ။ နောက်ထပ် ကလေးမြို့နယ် စက္ကန့် ရှားတော မြောင်းဆုံပေါ့နော်။ အဲ့ရွာတွေမှာက အသက် ၂ နှစ်ဝန်းကျင် ကလေးတဦး အပါအဝင် လူလတ်ပိုင်း အမျိုးသား ၁ ဦးလည်း ဒဏ်ရာ ရထားတယ်ခင်ဗျ။ ၆ လပိုင်း စတင်ကတည်းက လက်နက်ကြီးကြောင့် သေဆုံးတာက ကျွန်တော်တို့ စစ်တမ်းကောက်တဲ့အရဆိုရင် ၁၀ ဦး ဝန်းကျင်ခန့်ရှိနေပြီခင်ဗျ။ ဒဏ်ရာရတာက ၃၀ ကျော် ၄၀ နီးပါး ရှိနေပြီ။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မောင်နှမ ၂ ဦးမှာ အမဖြစ်သူမှာ သေဆုံးခဲ့ပြီး မောင်ဖြစ်သူမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးမြို့အတွင်းမှာ တပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ ၃ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၄ ဦးထက်မနည်း ရှိပါတယ်။

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားတာ မရှိလည်း လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်တာကြောင့် လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲတာလို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းလမ်းခွဲက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် ကလေးမြို့နဲ့ ချင်းပြည်နယ်ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ကလေး - သိုင်းငင်း လမ်းကို အသုံးမပြုဖို့ ကာကွယ်ရေးအဖွဲ့တွေက တားမြစ်ထားပါတယ်။

စစ်ကောင်စီဘက်က သိုင်းငင်းစခန်းကို အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လာနိုင်တဲ့အတွက် အခုလို တားမြစ်တာလို့ ချင်းကာကွယ်ရေးတပ် စီးယင်းက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“စကစ ဘက်က သူတို့ သိုင်းငင်းမှာ ချထားတဲ့ ရဲဘော်တွေရယ် လက်နက်အင်အားရယ် ကျည်ရိက္ခာတွေက အစ သူတို့လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို ပြည်သူတွေ အရပ်ကားနဲ့ပေါ့ လူသားဒိုင်းလုပ်ပြီးတော့ ပစ္စည်းတွေ တင်ဖို့ပို့ဖို့ လုပ်ထားတယ်ဆိုတဲ့ သတင်းက ကျနော်တို့ ရထားတယ်။ အဲ့ဒါကြောင့် ကျနော်တို့ မနေ့က စပိတ်လိုက်တယ်။ ဒီနေ့မှာလည်း CDF- CDM စီးယင်း ကနေ စာထုတ်ပြန်ပြီးတော့ ပြန်ပိတ်ထားတဲ့ ဟာကို တွေ့ခဲ့တယ်ပေါ့နော်။ ကျနော်တို့ ဒီဟာကို တပတ်နည်းနည်းကြာလိမ့်မယ် ပြီးမှပဲ ပြန်ဖွင့်ဖို့ အစီစဉ်ရှိပါတယ်။”

သိုင်းငင်းလမ်းခွဲဟာ ချင်းပြည်နယ် တီးတိန်မြို့ ဖလမ်း နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တို့ရဲ့ ကုန်စည်စီးဆင်းမှု အဓိက လမ်းမကြီးဖြစ်ပြီး အဲ့ဒီမှာ စစ်တပ်က တပ်စွဲထားတာလည်း ဖြစ်ပါတယ်။ သိုင်းငင်းလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကုန်ပစ္စည်းတွေ ယာဉ်တွေနဲ့ ခရီးသည်တွေအပေါ် ငွေကြေး ကောက်ခံနေတဲ့အတွက် ကာကွယ်ရေး အဖွဲ့တွေက စုပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့တဲ့ အတွက် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် နှစ်ဘက် ထိခိုက် ကျဆုံးတာတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်ကလည်း သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို၊ စစ်တပ်အနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ကျဆုံးစာရင်းတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG