သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ၊ သက္ကယ်ကျင်းရွာ စစ်ကောင်စီမီးရှို့၊ အရပ်သားသေဆုံးမှုတွေရှိ


မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမီးလောင်ကျွမ်းနေစဉ် (မတ် ၁၄၊ ၂၀၂၄)
မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမီးလောင်ကျွမ်းနေစဉ် (မတ် ၁၄၊ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက လူနေအိမ်တွေ မီးရှို့ခံရပြီး၊ ပိတ်မိသူတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။ မနေ့က လူနေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ အလောင်းတွေကိုလည်း တွေ့ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြမှာပါ။

မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို မတ်လ ၁၄ ရက်၊ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီအဖွဲ့ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ရုတ်တရက်စစ်ကြောင်းထိုး လူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

"လျှပ်တပြတ် ကားနဲ့ဝင်လာပြီးတော့ အိမ်စီးကားတွေနဲ့ ဝင်လာပြီးတော့ စစ်ကြောင်းက နောက်ကလိုက်လာတာပေါ့။ အဲလိုဝင်ပြီးတော့ ရှို့သွားတာဗျ။ ဒေသခံတွေကတော့ ကိုယ်နဲ့သက်ဆိုင်ရာ ရွာလေးတွေသွားပြီးတော့ ရှောင်နေကြရတာပေါ့ဗျာ။"

ရွာထဲက ဒေသခံနေအိမ် ၅၀၀ ဝန်းကျင် မီးထဲပါသွားပြီး၊ မီးရှို့ခံထားရတဲ့ လူသေအလောင်း တချို့ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ကတော့ မီးရှို့ပြီး အိမ်စီးကားတွေနဲ့ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။

"Dead body တွေ့တယ်လို့တော့ ပြောတယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ကတော့ အတိအကျတော့ မသိဘူးဗျ။ တချို့ကလည်း ၄ ဦး၊ တချို့ကလည်း ၅ ဦးလို့ ပြောတယ်ဗျ။ အတည်ပြုဖို့က ကျနော်တို့က မျက်မြင်မဟုတ်တော့ တဆင့်စကား တဆင့်နားပဲသိတာ ဖြစ်တဲ့အတွက် အတည်ပြုပြောဆိုဖို့ ခက်တယ်ပြောတာပါ။"

ရွာမီးရှို့ခံရချိန်မှာ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးကြပြီး ခပ်လှမ်းလှမ်းကနေသာ ရွာအခြေအနေကို စောင့်ကြည့်နေရတာပါ။ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး အဲဒီထဲက တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမီးလောင်ကျွမ်းနေစဉ် (မတ် ၁၄၊ ၂၀၂၄)
မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမီးလောင်ကျွမ်းနေစဉ် (မတ် ၁၄၊ ၂၀၂၄)

"အခုကတော့ စစ်ကြောင်းက ပြန်ခေါက်သွားပြီ။ ပြည်သူတွေကတော့ ပျက်စီးဆုံးရှုံးသွားတာတွေကို လုပ်ကြကိုင်ကြပေါ့၊ မီးငြှိမ်းကြတာမျိုးတွေ ရှိပါတယ်။"

မီးဘေးသင့် ပြည်သူတွေအတွက် လတ်တလောမှာ စားသောက်ရေးအပါအဝင် အကူအညီတွေ လိုအပ်နေပါတယ်။ သက္ကယ်ကျင်းကျေးရွာက ဒေသခံ ၄၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီအဖွဲ့ကတော့ နောက်ထပ်ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်နေသလို မြို့ပေါ်လှုပ်ရှားမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG