သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်မြေရှင်းလင်းတဲ့ တန့်ဆည်မြို့နယ်မှာ သတ်ဖြတ်ခံရမှုတွေရှိ


တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်တွေဝင်ရောက်သိမ်းပိုက်ခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်တွေဝင်ရောက်သိမ်းပိုက်ခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ တန့်ဆည်မြို့နယ်မှာ ဒေသခံတချို့ သတ်ဖြတ်ခံထားရတာ တွေ့ရကြောင်း နယ်ခံတချို့က ပြောပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်း မနေ့က ထွက်သွားပြီးတဲ့နောက် ခန္ဓာကိုယ်ကို ဖျက်ဆီးထားတဲ့ အလောင်း အနည်းဆုံး ၁၁ လောင်း တွေ့ရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် ပြောပြပါမယ်။

တန့်ဆည်မြို့နယ် ကံထူးမနယ်မြေရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာမှာ သတ်ဖြတ်ခံရမှုတွေ၊ ကျေးရွာတွေ ဖျက်ဆီးခံရမှုတွေ ရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကံထူးမကျေးရွာကို ရေဦးနယ်ဘက်ကနေ ရောက်လာတဲ့ ခလရ ၇၁နဲ့ ခမရ ၇၀၈ တို့ပါတဲ့ ဘီလူးစစ်ကြောင်းအပြင် ကန့်ဘလူနယ်က ရောက်လာတဲ့ ဦးဝါသ ဦးဆောင်တဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းတို့က ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းကနေ မတ်လ ၃ ရက် မနေ့ကအထိ တန့်ဆည်နယ် အနောက်ခြမ်းနဲ့ မြောက်ခြမ်းမှာ နယ်မြေရှင်းလင်းခဲ့တာလို့လည်း ပြောပါတယ်။

ကံထူးမကျေးရွာအပါအဝင် ကံထူးမတိုက်နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပျုစောထီးတွေရဲ့ ပူးပေါင်း နယ်မြေရှင်းလင်းမှုတွေအပြီး ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချူပ်ရေး အဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၉ ဦးကို ခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို တွေ့ခဲ့ရကြောင်း ဒေသခံ လက်နက်ကိုင်အင်အားစု တခုဖြစ်တဲ့ People Defense Comrade က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

“သတ်ဖြတ်ခံရတဲ့ သူက ၁၁ ဦးပေါ့၊ ၁၁ကိုမှ အဲ့ ၁၁ ဦးထဲကမှ ရပ်ကျေး ပကဖတာဝန်ခံနဲ့ ရပ်ကျေး ပအဖတာဝန်ခံ ၂ ဦးကလွဲရင် ကျန်တဲ့ ၉ ဦးက လက်လုပ်လက်စား သာမန် အရပ်သား ပြည်သူတွေပဲဗျ။”

မနေ့တုန်းက စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ကြောင်းတွေ ပြန်ထွက်ခွာသွားချိန်မှာ ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို တွေ့ခဲ့ရတာလို့လည်း ပြောပါတယ်။

“မနေ့က စစ်ကြောင်းတွေက တန့်ဆည်နယ် အနောက်ခြမ်းက နေပြီးတော့ တန့်ဆည်မြို့ထဲကို ပြန်ဝင်သွားတယ်ဗျ၊ မြို့ထဲကို ပြန်ဝင်သွားတဲ့အခါမှာ ကိုယ့်ဘက်က အင်အားစုတွေက နယ်မြေရှင်းလင်းရေး ဝင်ကြတာပေါ့၊ ဝင်တဲ့အချိန်မှာ သူတို့တပ်စွဲခဲ့တဲ့ ကျေးရွာတွေထဲမှာရော၊ နောက် ကျေးရွာ အနီးဝန်းကျင်မှာရှိတဲ့ တောစပ်ထဲမှာရောပေါ့နော်၊ ပြည်သူတွေ သတ်ခံထားရတဲ့ အလောင်းတွေ ပြန့်ကျဲပြီးတော့ တွေ့ရှိခဲ့ရတယ်။ ခေါင်းတွေဖြတ်ထားခဲ့တယ်၊ လက်တွေ ဖြတ်ထားခဲ့တယ်၊ ခြေထောက်တွေ ဖြတ်ထားခဲ့တယ် နောက် ကိုယ်လက်အင်္ဂါမှန်သမျှအားလုံး အပိုင်းပိုင်းဖြစ်အောင်ဖြတ်ထားခဲ့ပြီးတော့ တစစီပေါ့နော် တောစပ်ထဲမှာလည်း တွေ့ရတဲ့ အလောင်းက တွေ့ရတယ်ပေါ့နော်၊ နေအိမ်ထဲမှာလည်း ခြေထောက်နှစ်ချောင်းကို ကျင်းတူးပြီးတော့ စိုက်တယ် နောက် ထိုင်ခုံပုံစံမျိုး လုပ်ပြီးတော့ ရက်ရက်စက်စက်လုပ်သွားတာပေါ့၊ နောက်ပြိးတော့ ဗိုက်တွေခွဲထားခဲ့တယ်၊ နောက်ပြိးသူတို့ အူတွေနှုတ်တယ်၊ အသဲတွေ နှုတ်ထားခဲ့တယ်၊ နောက်ပြီးတော့ ခေါင်းပြတ်ကြီးကို ဆေးလိပ်တွေတပ်၊ မျက်မှန်တွေတပ်၊ ဦးထုပ်တွေဆောင်းပေး အဲ့လိုမျိုးတွေ လုပ်ပြီးတော့ သူတို့တွေ ရက်ရက်စက်စက် သတ်သွားတာဗျ။”

စစ်ကောင်စီ နယ်မြေရှင်းလင်းရေး အတွင်း ခနောရွာသစ်၊ သပြေရင်း၊ ကံထူးမ၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ကော်တက် စတဲ့ ကျေးရွာ ၆ ရွာမှာ မီးလောင်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ပျောက်ဆုံးနေပြီး အဆက်အသွယ်မရတဲ့ ဒေသခံတချို့လည်း ရှိနေကြောင်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာသွားပြီးနောက် တိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတချို့ နေရပ် ပြန်လာကြပြီလို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ စစ်ကြောင်း ဒီကနေ့ ဝင်ရောက်ခဲ့တဲ့ နယ်မြေတွေက ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။

“တန့်ဆည်ကနေပြီးတော့ အင်ကြင်းမြိုင် အရှေ့ဖက်ကို တစ်ကြောင်း၊ ရေဦးဖက်ကို တနယ်၊ ခပေါင်းကြိုင်ဖက်ကို တစ်ကြောင်း ထိုးနေတာပါ။ သူတို့နဲ့ ၄ မိုင် အကွာလောက်က ရွာတွေအကုန် ရှောင်နေကြရပါတယ်။ ဒီကနေ့ စစ်ကြောင်းထိုးတာက ရွာပေါင်း ၂၀ လောက်ရှောင်နေရတယ်၊ ရေဦးအစပ်ထိကို ရှောင်နေကြရတာ။”

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကံထူးမ နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG