သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက် ရွှေပန်းကုန်းရဲစခန်း ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်


စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း မီးရှို့ခံရတဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာ-ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: Wetlet Info Network)
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း မီးရှို့ခံရတဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာ-ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: Wetlet Info Network)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွှေပန်းကုန်းကျေးရွာ နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၁ ရက် မနက် အရုဏ်တက်ချိန်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စခန်းကို သိမ်းနိုင်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်တဦး သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်း မုံရွာ-ရွှေဘို ကားလမ်းကြီးပေါ်က ရွှေပန်းကုန်းကျေးရွာ နယ်မြေရဲစခန်းကို နိုဝင်ဘာလ ၂၁ ရက် မနက် ၂ နာရီကျော် ဝန်းကျင်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာသိရသလောက်ဆိုရင် ရွှေပန်းကုန်းရွာမှာရှိတဲ့ ရဲစခန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းလိုက်တာပေါ့။ ကျနော်တို့ သိသလောက် မနက်ခင်း ၂ နာရီ၊ ၃ နာရီ ဝန်းကျင်လောက်မှာ တိုက်တာ။ မနက် ၄ နာရီလောက်မှာ အောင်တယ်လို့ သိရတယ်ဗျ။”

ဒီတိုက်ပွဲပြီးတဲ့နောက် ရွှေပန်းကုန်းရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့လည်း ဒေသခံကပြောပါတယ်။

“ဒီနေ့ ၂၁ ရက်နေ့ မနက်ခင်း ၄ နာရီ မိနစ် ၄၀ က တကြိမ် ပစ်တယ်ဗျ၊ အဲ့ဒါက တံတားဦးကတက်လာတဲ့ ဖိုက်တာနဲ့ပစ်တာဗျ။ နောက်ထပ် ၇ နာရီ ၃၇ မိနစ်ပေါ့ မနက်ခင်းကလည်း Mi 35 ပေါ့ နမခ က တက်လာတဲ့ Mi 35 နဲ့ ထပ်ပစ်တယ်ဗျ။ စုစုပေါင်း ၂ ကြိမ်ပစ်တာဗျ။”

ဒီတိုက်ပွဲမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုတွေရှိသလို စခန်းကိုစွန့်ခွာထွက်ပြေးသွားကြသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွါးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဝက်လက်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတွေ သတိထားနေထိုင်ကြဖို့နဲ့ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီဘက်ကရော ဒေသကာကွယ်ရေးတပ်တွေဘက်ကပါ ရွှေဘို-စစ်ကိုင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် လမ်းတလျှောက်မှာ ပိတ်မိနေကြသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ရွှေဘို စစ်ကိုင်းလမ်းဗျ။ ရွှေဘို မန္တလေးလမ်းမကြီးပေါ့၊ ဒါပေမယ့် အဓိက ပိတ်မိတာက ရွှေဘိုနဲ့ စစ်ကိုင်းကြားမှာရှိတဲ့ ကုန်ကားတွေ၊ express ကားတွေ၊ လိုင်းကားတွေ၊ ပြီးတော့ အဝေးပြေးနေတဲ့ ကားအသေးတွေပေါ့ အဲ့ဒါတွေ ပိတ်မိနေတာဗျ။”

ဒီလမ်းပိုင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ မနက်က စတင်ပိတ်လိုက်တာဖြစ်ပြီး ၂၂ ရက်နေ့အထိ ပိတ်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG