သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီ လိုက်လံ မီးရှို့နေ


မုံရွာမြို့ကျေးရွာတချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)
မုံရွာမြို့ကျေးရွာတချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)

မုံရွာမြို့၊ ကျောက်စစ်ပုံ အမြောက်တပ် ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ မီးရှို့ခံနေရပြီး ရွာသူရွာသားတွေ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြန်အလှန် တိုက်ပွဲမရှိပေမယ့်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သားထိခိုက် သေဆုံးတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ ကျောက်စစ်ပုံ အမြောက်တပ် ပတ်ချာလည်က ကျေးရွာတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး တရွာဝင် တရွာထွက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတဲ ကျေးရွာကနေ မနေ့ညနေက ထွက်လာတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ခိုးသန်းကျေးရွာထဲ ဝင်ရောက်ပြီး ဒေသခံနေအိမ်တချို့ကို မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

"ခိုးသန်းရဲ့ လက်ရှိအခြေအနေကို ဘာမှအတည်မပြု နိုင်သေးဘူးဗျ။ အခု အဲဒီဘက်မှာ အခြေအနေက မငြိမ်သေးလို့ပါဗျ။ အတည်ပြု ပြောဆိုလို့ရတဲ့ အခြေအနေ မဟုတ်သေးလို့ပါ။ စစ်ကောင်စီစစ်ကြောင်း ရောက်တာလည်းဟုတ်တယ်၊ မီးရှို့တာလည်းဟုတ်တယ်။ အဲဒါတွေတော့ ဟုတ်တယ်ဗျ။ ဒါနဲ့ဆိုရင်တော့ မီးရှို့တာက ၄ ရွာ၊ ၅ ရွာမြောက်လောက် ရှိပြီဗျ။ သူတို့အမြောက်တပ်ရဲ့ ၃ မိုင်ပတ်ချာလည်၊ ၄ မိုင်ပတ်ချာလည်လောက်က ရွာတွေကို မီးရှို့နေတာ။"

ရွာရဲ့ မလှမ်းမကမ်းကနေ အခြေအနေကို စောင့်ကြည့်နေရပြီး မီးလောင်ပျက်စီးမှုကိုတော့ အတိအကျမသိနိုင်သေးဘူးလို့ ပြောပါတယ်။ ရွာထဲမှာတော့ ဒီကနေ့ နေ့လည်အချိန်အထိ စစ်ကောင်စီအဖွဲ့ဝင်တွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။ ရေကန်စုကျေးရွာထဲ ဖေဖော်ဝါရီလ ၂၈ ရက်၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက လက်နက်ကြီးထိမှန်လို့ အရပ်သား ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

"လောလောဆယ် ဒေသခံတွေကတော့ လက်နက်ကြီးနဲ့ ရမ်းထုလိုက်၊ စစ်ကြောင်းထိုးလိုက်၊ မီးရှို့လိုက်ဆိုတော့ လွတ်ရာကင်းရာကိုတော့ စစ်ဘေးရှောင်နေရတာပေါ့။ လက်နက်ကြီးကျရောက်တဲ့ အခြေအနေကတော့ ဟိုနေ့ညက ရေကန်စုရွာကို လက်နက်ကြီးကျတာ ၉ ယောက်ထိတယ်။ ၂ ယောက်လောက်က စိုးရိမ်ရတယ်လို့ သိရတယ်ဗျ။"

ကျေးရွာထဲက ဒေသခံနေအိမ်တချို့ မီးရှို့ဖျက်စီးခံရတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးသူတွေ ရှိသလို မုံရွာမြို့ပေါ်မှာလည်း အစစ်အဆေး အတားအဆီးတွေ ပုံမှန်အတိုင်း ဆက်ပြီးရှိနေတယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

"မြို့ပေါ် အခြေအနေကတော့ ဖမ်းဆီးတာတွေတော့ ရှိတယ်ဗျ။ ကင်းပတ်တာတွေလောက်ပဲ ရှိတယ်။ ကျန်တာတွေကတော့ သိပ်ပြီး မထူးခြားပါဘူး။"

မုံရွာမြို့မှာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲ မရှိပေမယ့် ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားထိခိုက် ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲမရှိလည်း လက်နက်ကြီးကျရောက်မှာ စိုးရိမ်ပူပင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကတော့ နေအိမ်မီးရှို့ခံလိုက်ရလို့ ပြန်စရာနေအိမ် မရှိဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG