သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာထောင်တွင်း ဖိနှိပ်မှုအတွက် နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြ


စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာအကျဉ်းထောင်ကို Google Earth မြေပုံမှ တွေ့ရစဉ်
စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာအကျဉ်းထောင်ကို Google Earth မြေပုံမှ တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေကို မကျေနပ်ရာက အစာငတ်ခံ ဆန္ဒပြနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ထောင်တွင်းဖိနှိပ်မှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့လည်း ထောင်အနီး တက်ကြွလှုပ်ရှားသူတချို့က ဆန္ဒပြခဲ့ကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် ပြောပြပေးမှာပါ။

နိုင်ငံရေးအကျဉ်းသား အများအပြားရှိနေတဲ့ မုံရွာအကျဉ်းထောင်မှာ ထောင်တွင်းဖိနှိပ်မှုတွေ ဆိုးရွားနေပြီး အခု စက်တင်ဘာလ ၈ရက်က အကျဉ်းခန်းစစ်ဆေးတာမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အစားအသောက်နဲ့ အဝတ်အစား၊ အသုံးအဆောင်အားလုံးကို ရှာဖွေသူတွေက အတင်းအဓမ္မယူဆောင်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။ ထောင်အာဏာပိုင်တွေအပြင် စစ်ကောင်စီလက်အောက်ခံ ပြင်ပအဖွဲ့အစည်းတွေလည်း ပါဝင်ခဲ့တဲ့ လုပ်ရပ်အပေါ် မကျေနပ်တာကြောင့် အစာအငတ်ခံ ဆန္ဒပြလာတာလို့လည်း ပြောပါတယ်။

" ရှာဖွေရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာကိုရှာလဲဆိုတော့ အကျဉ်းထောင်ကို ဖောက်သွားစေနိုင်တဲ့ အန္တရာယ်ရှိစေနိုင်တဲ့ သံချွန်တွေ၊ တုတ်တွေ၊ ဓားတွေ အဲဒါကို အဓိကရှာပြီးမှ သိမ်းတာပေါ့နော်။ ပြီးတော့ ထောင်ကိုဖောက်စေနိုင်တဲ့ ကြိုးတန်းတွေ ဘာတို့ညာတို့ပေါ့။ အဲဒါတွေကို အဓိက သိမ်းဆည်းတာ။ ဒါပေမဲ့ သောကြာနေ့က ဝင်တာကတော့ အကျဉ်းဦးစီးရဲ့ ဝန်ထမ်းတွေ မဟုတ်တော့ဘဲနဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားပါမယ်၊ ရဲပါမယ်၊ မီးသတ်ပါမယ်၊ အုပ်ချုပ်ရေးမှူးတွေပါမယ်၊ သူတို့တွေ ဝင်လာပြီးမှ တွေ့သမျှအကုန် သိမ်းသွားတာဗျာ။ ထောင်ကို တရားဝင်သွင်းခွင့် ပေးထားတဲ့ သုတရသ စာအုပ်တွေ အပါအဝင် ထောင်ကခွင့်ပြုထားတဲ့ အကျီတွေ၊ ပုံမှန်ဆိုရင် မိသားစုတွေပို့ထားတဲ့ ထောင်ဝင်စာမှာပါတဲ့ အကျီတွေ၊ ပုဆိုးတွေကအစ၊ အခြားအသုံးအဆောင် ပစ္စည်းတွေပေါ့နော် အဲဒါတွေအကုန်လုံးကို သိမ်းသွားတယ်။ အဲဒါကနေအဓိက အဲပြဿနာက စဖြစ်တယ်လို့ ပြောရမှာပေါ့။"

ခိုးသွင်းထားတဲ့ ပစ္စည်းတွေ မဟုတ်ဘူးဆိုတာ နိုင်ငံရေး အကျဉ်းသားတွေက တင်ပြကြပေမဲ့ ဒီအဖွဲ့အစည်းတွေက လက်မခံကြောင်း သူကပြောပါတယ်။ ဒါကြောင့် စက်တင်ဘာ ၉ရက်မှာ နိုင်ငံရေးအကျဉ်းသား ၁၄ယောက်က ဦးဆောင်ပြီး အစာအငတ်ခံ ဆန္ဒပြကြတာပါ။ ညနေပိုင်းမှာ တခြား နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ကပေးတဲ့ အစားအသောက်ကို မစားဘဲ ဆန္ဒပြတာမှာ ပူးပေါင်း ပါဝင်လာကြပါတယ်။ သောကြာနေ့က ထောင်တွင်းတရားရုံးထုတ်ကို အဝတ်အစားမပါဘဲ တက်ရတဲ့ အခြေအနေဖြစ်သွားတဲ့အတွက် ထောင်အာဏာပိုင်တွေနဲ့ အခြေတင် ပြဿနာ ဖြစ်ခဲ့ကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

" အထက်ရော၊ အောက်ရော ဘာမှမပါဘဲ ရုံးထွက်မယ်ဆိုပြီး သူတို့ထွက်လာကြတယ်ပေါ့ ယောကျ်ားလေးတွေက။ အဲဒီအခါမှာထောင်ပိုင်က အဲလိုတော့မလုပ်နဲ့ မင်းတို့ကို အဝတ်အစား တယောက်တစုံစီ ဝယ်ပေးမယ်၊ အဲဒါနဲ့ထွက်ဆိုပြီး။ အဲလိုမျိုးတော့မရဘူး ကျနော်တို့ လူနည်းစုပဲရလို့မဖြစ်ဘူး ဒီမှာ သိမ်းခံရတဲ့သူတွေ အကုန်လုံးက ဆုံးရှုံးသွားတဲ့ သူတွေချည်းပဲပေါ့နော်။ ထောင်ပိုင်ကလည်း ဒါသည် ငါလုပ်တာမဟုတ်ဘူး၊ ငါဘာမှမတတ်နိုင်ဘူး၊ အဲဒီတော့ အကျဉ်းသားတွေက ခင်ဗျားနဲ့မပြီးဘူးဆိုရင် ကျနော်တို့ အကျဉ်းသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်မရမချင်း၊ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ပုံမှန်အကျဉ်းထောင်က လက်ခံနေကြ ပစ္စည်းတွေအတိုင်း လက်ခံပေးဖို့ တောင်းဆိုပြီးမှ ဒါကိုမရမချင်း သူတို့အနေနဲ့ အစားအငတ်ခံ ဆန္ဒပြသွားမယ်ဆိုပြီး သူတို့ hunger စဆွဲတယ်။"

မုံရွာ လူထု သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာတို့ အပါအဝင် ကိုဝင်းကျော်ဂေါင်၊ ကိုဘုန်းမြင့်အောင်တို့က ဒီအစာအငတ်ခံ ဆန္ဒပြမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ မုံရွာထောင်က ဥပဒေမဲ့လုပ်ရပ်တွေကို အဆုံးသတ်ပေးဖို့ ထောင်ပြင်ပမှာလည်း မုံရွာဒေသခံ ၁၀၀ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ပြည်သူလူထုအနေနဲ့ကတော့ မတရားလည်း ဖမ်းဆီးခံထားရတယ်၊ အခု သိမ်းဆည်းခံရတဲ့အပေါ်မှာ သူတို့ အတော်နာကျည်းနေတယ် ပြည်သူလူထုတွေက။ အဲဒီအတွက် ပြည်သူလူထုက နိုင်ငံရေး အကျဉ်းသားတွေရဲ့အရေးကို သူတို့ ပိုအာရုံစိုက်လာတယ်လို့ ပြောလာတာပေါ့နော်။"

လက်ရှိမှာ မုံရွာအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေကို တခြားထောင်တွေဆီ စစ်ကောင်စီက သုံးကြိမ်ခွဲပြောင်း ပို့ခဲ့ပါတယ်။ မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀နဲ့ ၄၀၀ ကြား ကျန်ရှိနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ မန္တလေး အိုးဘိုထောင်နဲ့ သာယာဝတီထောင်က နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ရိုက်နှက်တာတွေ၊ တိုက်ပိတ်တာတွေ ဒီရက်ပိုင်းထဲမှာ ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားအရေး စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG