သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသူငယ်ဥပဒေခံစားခွင့်မရကြတဲ့ အကျဉ်းကျကလေးငယ်များ 


ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီး အကျဉ်းချခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ် အရေအတွက်ဟာ ရန်ကုန်တမြို့တည်းမှာတင် အယောက် ၁၅၀၀ နီးပါးရှိတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာ၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေချတာ၊ ကလေးငယ်အခွင့်အရေးဆုံးရှုံးတာတွေ ကြုံနေကြရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြမှု၊ အကြမ်းဖက်မှု လက်နက်မှု စတာတွေနဲ့ လူငယ်အများအပြားဖမ်းဆီးခံရတဲ့ထဲမှာ ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း တော်တော်များများ ပါဝင်ပါတယ်။ လက်လှမ်းမီသလောက်စာရင်းတွေအရ ရန်ကုန် တမြို့ထဲမှာတင် ဖမ်းဆီးခံထားရတဲ့ ကလေးသူငယ် ၁၅၀၀ နီးပါးရှိနေတယ်လို့ ကလေးသူငယ်အရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ပြောပါတယ်။

"ခန့်မှန်းကြည့်တာတော့ ရန်ကုန်ဧရိယာတခုထဲတင်ပေါ့နော်။ အခုဖြစ်ခဲ့တဲ့ ၃ နှစ်အတွင်းဆိုရင် မိန်းကလေးရော၊ ယောင်္ကျားလေးပါ။ ၁၅၀၀ နီးနီးရှိတယ်။ ကျနော်တို့အဖွဲ့တခုထဲတင် ကျနော်တို့ အဖွဲ့တင် ၃ နှစ်အတွင်း အမှုပေါင်း ၅၀၀ လောက် လိုက်ပြီးသွားပြီ။ တခြားကျနော်တို့လို လိုက်ပေးတာတွေရှိတော့လေ ၁၅၀၀နီးနီးရှိလိမ့်မယ်ထင်တယ်။"

စစ်ကောင်စီလက်ထက် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေဟာ ကလေးသူငယ်ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ခံနေကြရပါတယ်။ ရဲစခန်းတွေမှာ ချုပ်နှောင်ထားတာ၊ ကလေးအမှုတွေကို ဆောလျင်စွာ စစ်ဆေးရမယ်ဆိုတဲ့ ဥပဒေကို ဆန့်ကျင်ပြီး အမှုတွေ နှောင့်နှေး ကြန့်ကြာတာ၊ အမှုစစ်ချိန်မှာလည်း ခုခံချေပနိုင်ခွင့်တွေ ဆုံးရှုံးခဲ့ကြတယ်လို့ သူကဆက်ပြောပြပါတယ်။

"အဓိကနိုင်ငံရေးအမှုတွေမှာ ကလေးတွေနဲ့ပတ်သက်လို့ အဆိုးဆုံးကြုံနေရတာက အမှုတွေကိုထပ်ထပ် ပြီးစွဲတာ။ ဘယ်လိုလဲဆို ဒီကလေးကတနေရာမှာ တခုလုပ်တယ်ပေါ့။ အဲတနေရာအဲမြို့နယ်ကနေ တခုစွဲတယ်။ ထားပါ။ အကြမ်းဖက်ပုဒ်မဘယ်လောက်နဲ့စွဲတယ်။ နောက်တနေရာနောက်တခုကျူးလွန်တယ်ဆို ရင် နောက်သူ့ကိုနောက်တမြို့နယ်ကလည်းသူ့ကိုထပ်တရားစွဲတယ်။ အဲလိုမကသေးဘူးကျနော်တို့တွေ့ နေရတာက တမြို့နယ်ထဲပြုလုပ်တဲ့နေရာမတူဘူး မတူတာကိုသူတို့ကအမှုတွေအများကြီးခွဲစွဲတယ်။ ပြောရရင်ပြစ်မှုဆိုင်ရာကျင့်ထုံး၊ စီရင်ထုံးတွေမှာရှိပါတယ်။ ပြုလုပ်မှုတခုကိုတယောက်ထဲကလုပ်တာ ထပ်ခါထပ်ခါစွဲတဲ့ပုံစံဖြစ်နေတယ်။ လေ့လာမိသလောက် အဲလိုစွဲတာကိုချေပဖို့ကျနော်တို့ကြိုးစားခဲ့ ဖူးတယ်။ ဒါပေမယ့် ဒီဟာကိုဘဲလက်ခံတယ်။ အမှုနဲ့ပတ်သက်လို့ ဘယ်လိုဘဲချေပချေပ ဘယ်လိုပဲ မပေါ်ပေါက် အချိန်တန်ရင်တော့ ပြစ်ဒဏ်ချခံရတာမျိုးပေါ့"

ဖမ်းဆီးခံထားရတဲ့ ကလေးငယ်အများစုဟာ တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံထားရသလို အကြမ်းဖက်ဥပဒေပုဒ်မတခုဖြစ်တဲ့ ၅၀ (ည)၊ ပေါက်ကွဲစေတတ်သော လက်နက်ဥပဒေဆိုင်ရာပုဒ်မ ၃၊ ၄၊ ၅ တို့နဲ့ တရားစွဲခံရတာတွေများတယ်လို့ ရှေ့နေတွေကပြောပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှာတော့ ထောင်ချခံရတဲ့ ကလေးငယ်တွေကို လူငယ်လေ့ကျင့်ရေး စခန်းကျောင်းတွေမှာ ထားပေမယ့် တခြားဒေသတွေမှာတော့ သီးခြားခွဲထားတာမျိုး ရှားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ သူတို့မိသားစုဝင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီက ဓားစာခံသဘောမျိုး ဖမ်းဆီးထားတာတွေ ရှိတယ်လို့လည်း ရှေ့နေကပြောပါတယ်။

တရားစီရင်ရေးပိုင်းမှာဆိုလည်း ပြစ်မှုထင်ရှားစွာမပြနိုင်သူကိုတောင် အမြင့်ဆုံးထောင်ဒဏ်ချမှတ်နိုင်အောင် အာဏာပိုင်တွေဘက်က ကြိုးစားမှုတွေရှိခဲ့ပြီး လွတ်ငြိမ်းခွင့်ပေးတဲ့အခါတွေမှာလည်း ကလေးတွေအတွက် ထည့်သွင်းစဉ်းစားတာ နည်းတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးတာဟာ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်တာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ လူငယ်သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို VOA က အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည် တုန့်ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတာဝန်ရှိသူတဦးကတော့ ကလေးငယ်တွေဟာ ဖမ်းဆီးခံထားရချိန်ကစလို့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေကို တော်တော်လေး ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

"တချို့ကလေးတွေဆို စစ်ခုံရုံးကနေ ပြစ်ဒဏ်ကြီးကြီးတွေချမှတ်လိုက်တာတွေရှိတယ်။ အင်းစိန်ထောင်လိုနေရာမျိုး ပို့ပြီးတော့တခြားရာဇဝတ်သားတွေနဲ့အတူတူထားခံရတဲ့ ဒီလိုနေရာမျိုးရောက်သွား သူတွေလည်းရှိတယ်။ ဖိနှိပ်မှုကတော့အခုအချိန်ကတော့ ဒီစစ်အုပ်စုကတော့ရှင်းတယ်။ သူတို့ကိုဆန့် ကျင်ရင်ကလေးကောလူကြီးကောဘာမှချန်တာမဟုတ်ဘူး။ အသက်ပြည့်ခြင်းမပြည့်ခြင်းပေါ်မှာခွဲနေ တာမဟုတ်ဘူး။ ဖိနှိပ်တာ တန်းတူညှင်းပန်းနှိပ်စက်တာခံရတယ်။ နောက်ပိုဆိုးတာက ၂၀၂၁ အာဏာသိမ်းပြီးထဲကနေ ခုထိကိုဗစ်အကြောင်းပြပြီး ထောင်ဝင်စာပေးမတွေ့တဲ့ကိစ္စပါ။ ဒီကလေးတွေကို မိဘတွေနဲ့ ကလေးတွေအခြေအနေကျန်းမာရေးအခြေအနေစိတ်ပိုင်းဆိုင်ရာအခြေအနေ ဘာဖြစ်နေလဲ ဘာမှမသိရဘူး။"

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေဖြစ်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာတော့ ကလေး သူငယ်ဆိုတာကို ၁၈ နှစ်အောက်လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ကလေးသူငယ်တွေကို လက်ထိပ်ခတ်ပြီး မဖမ်းရ၊ အချုပ်လို ထောင်လိုနေရာမျိုးတွေမှာ ဖမ်းဆီးထိန်းသိမ်းထားလို့ မရ၊ ရုပ်ပိုင်းနဲ့ စိပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက် ခွင့်မရှိ၊ ကလေးသူငယ်တရားရုံးတွေမှာပဲ စစ်ဆေးရမယ် စတဲ့အချက်တွေ ပါရှိပါတယ်။ ဒါကိုစစ်ကောင်စီဘက်က မလိုက်နာဘဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဟာ အကျဉ်းထောင်၊ အချုပ်ထောင်ထဲ မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ၊ စစ်ကြောရေးလိုနေရာမျိုးမှာ ညှင်းပန်းနှိပ်စက်ခံရတာ၊ စစ်ခုံရုံးလို နေရာမျိုးတွေမှာ ရုံးတင်စစ်ဆေး ခံနေရတာမျိုးတွေ ကြုံရတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂၅၀၀၀ နီးပါးရှိတဲ့ထဲမှာ ကလေးငယ် ၆၆၀ ကျော် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၇ ရက်နေ့အထိ စာရင်းမှာ ဖော်ပြပါ တယ်။ သေဒဏ်ပေးခံရသူ အယောက် ၁၅၀ နီးပါးရှိခဲ့တာမှာ အသက်မပြည်တဲ့ ကလေးငယ် ၂ ဦးထက်မနည်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့စာရင်းဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြောကြားလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG