သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွက်မျက်မှုတနှစ်ပြည့်ချိန် ထောင်တွင်းသတ်ဖြတ်မှုတွေပိုများ


အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့အတူ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်၊ သူတို့ ၄ ဦးကို ဖမ်းဆီးအကျဉ်းချထားချိန်မှာ ကြိုးပေးကွပ်မျက်ခံရတာ ဒီကနေ့ တနှစ်ပြည့်သွားခဲ့ပါပြီ။ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့လို အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ၊ အကျဥ်းထောင်တွင်းက ခေါ်ထုတ်ခံရပြီး သေဆုံး ပျောက်ဆုံးသူတွေ သိသိသာသာ ပိုများလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ထောက်ပြနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို မမြသဇင်အောင်က တင်ပြထားပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် နဲ့အတူ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ အောင်သူရဇော် တို့ကို စစ်အာဏာပိုင်တွေက ကွပ်မျက် သတ်ဖြတ်ခဲ့တာ ဒီကနေ့ တနှစ်ပြည့်ပြီ ဖြစ်သလို၊ အာဏာရှင် လက်အောက် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် ဝမ်းနည်း ပူဆွေးရတဲ့အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီကနေ့ ထုတ်ပြန် ပြောဆိုကြပါတယ်။ အလားတူ ပြည်တွင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း မြန်မာနိုင်ငံတွင်း ဒီလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မေ့မသွားဖို့ ခုလိုနေ့မှာ သတိပေး ပြောဆိုကြပါတယ်။ သူတို့ ၄ ဦးကို ကြိုးပေးကွပ်မျက်ပြီး နောက်ပိုင်း အခုနှစ် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီက မတရားညှင်းပန်း သတ်ဖြတ်နေတဲ့ အခြေအနေတွေ ပိုပြီး ဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"အကျဉ်းထောင်ထဲကနေ အပြင်ကိုခေါ်ထုတ်ပြီးတော့ စစ်တပ်က မတရားသတ်ဖြတ်နေတဲ့ ကိစ္စတွေ တောက်လျှောက်ကြားလာ ရတယ်ပေါ့နော်။ အနီးစပ်ဆုံးပြောရရင် ဒိုက်ဦးထောင်လို ကိစ္စမျိုးဆိုရင် ထောင်ထဲကနေပြီးတော့ အကျဉ်းသားတွေကို အပြင်ကို ခေါ်ထုတ်သွားတယ်။ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားတယ်လို့ ပြောတယ်။ ပြီးတဲ့အခါကျတော့ အပြင်မှာ သတ်လိုက်တယ်။ ဇွန်လ ၂၇ ရက်နေ့က ဖြစ်တဲ့ကိစ္စကို ဇူလိုင်လထဲကျမှ ဒိုက်ဦးထောင်တာဝန်ရှိသူက လက်မှတ်ထိုးပြီးတော့ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုတွေကို အကြောင်းကြားတယ်။ စာပို့လာတယ်ပေါ့နော်။ ဒိုက်ဦးထောင် ဖြစ်သွားတဲ့ကိစ္စဆိုလည်း မတရားသတ်ဖြတ်လိုက်တာ ဖြစ်တယ်ပေါ့နော်။ နောက်တခုက သာယာဝတီထောင်မှာဆိုလည်း အကျဉ်းသားတယောက်ကို အပြင်ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်တယ်။ ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်တွေနဲ့ပဲ ကျဆုံးသွားတယ်။"

မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်ကို Google Map မြေပုံမှ မြင်တွေ့ရစဉ်
မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်ကို Google Map မြေပုံမှ မြင်တွေ့ရစဉ်

နိုင်ငံရေး အကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ချိန်မှာ အသတ်ခံလိုက်ရတာ ရှိသလို၊ စစ်ကြောရေးမှာရတဲ့ ဒဏ်တွေကြောင့် အသက် သေဆုံးရတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေ ပိုဆိုး လာနေတာနဲ့အမျှ ကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့လည်း အေအေပီပီ က တိုက်တွန်းထားပါတယ်။ အကျဥ်းထောင် အတော်များများမှာ ဖြစ်နေတဲ့ ခုလို မတရား နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခံရတာတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း အေအေပီပီ တာဝန်ရှိသူက ပြောပါတယ်။

"ဒီလိုပဲ မြင်းခြံထောင်မှာဆိုရင်လည်း ဦးစိန်ဝင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်က အပြင်ခေါ်ထုတ်ပြီး အစစ်ခံရတယ်။ ပြန်ရောက်လာတဲ့အခါမှာ စစ်ကြောရေးမှာရတဲ့ ဒဏ်ရာတွေနဲ့ပဲ၊ ညှင်းပန်းနှိပ်စက်မှု ဒဏ်တွေနဲ့ပဲ အကျဉ်းထောင်ထဲမှာ ဆုံးသွားတယ်။ အကျဉ်းသားတွေ ထွက်ပြေးတယ်ဆိုတဲ့ ကိစ္စမဖြစ်ခင်မှာ ဒိုက်ဦးထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ၂ ယောက်က ဒီလိုပဲ အပြင်ကို ခေါ်ထုတ်ပြီးတဲ့ အခါကျတော့ အပူလျှပ်ပြီးတော့ သေဆုံးသွားသလိုလို၊ အစာအိမ်သွေးကြော ပေါက်သွားလိုလို၊ ဒီလိုမျိုး အကြောင်းပြချက်တွေနဲ့ သေသွားပြီဆိုပြီး မိသားစုတွေကို အကြောင်းကြားတယ်။ ဒါပေမဲ့ တယောက်မှ သူတို့မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို မရခဲ့ကြဘူး။ ဒါတွေက အင်မတန်ဆိုးရွား ရက်စက်ကြမ်းကြုတ်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ မတရား သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ပဲ ပြောချင်တယ်။"

အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရကူ ၃,၈၀၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၂ သောင်းနီးပါး ရှိပြီး ထိန်းသိမ်းခံရသူ အများစု ပြန်မလွတ်သေးကြောင်းလည်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ကြိုးပေး ကွပ်မျက်ခံရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ သေဆုံးချိန်မှာ အလောင်းပြန်မရတဲ့ ကိစ္စတွေဟာ စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ အထဲမှာ သာမန်ရာဇဝတ်မှု မဟုတ်တဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြကြပါတယ်။ ဒီလို အခြေအနေတွေဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ အရင် အာဏာရှင် အဆက်ဆက် လက်အောက် ကြုံခဲ့ရတာတွေနဲ့ နှိုင်းယှဥ်ရင် အဆိုးဆုံး ဖြစ်တယ်လို့လည်း အေအေပီပီ တာဝန်ရှိသူက ပြောပါတယ်။

"ပိုပြီးဆိုးလာတာကလည်း ဒါရှင်းပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ ကဏ္ဍပေါင်းစုံမှာ ရှုံးနိမ့်နေတဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲနဲ့ သူတို့လက်ခုပ်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပုံစံမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်မယ်။ မတရား သတ်ဖြတ်တာတွေ၊ ထောင် မတရား ပြောင်းတာတွေ၊ သူတို့လုပ်လို့ရတဲ့ ညှင်းပန်းနှိပ်စက်မှုပေါင်းမျိုးစုံနဲ့ ကျူးလွန်ကြတာဖြစ်တယ်။ သေချာပေါက် ဒါက ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူတဲ့ ခေတ်အခြေအနေကို ရောက်နေတာပါဗျ။"

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦး ကြိုးပေးကွပ်မျက်ခံရတာ ၁ နှစ်ပြည့်ချိန်မှာ ရန်ကုန် အမေရိကန်သံရုံးနဲ့ ဗြိတိသျှ သံရုံးတွေ ကလည်း ဝမ်းနည်းပူဆွေးကြောင်း ထုတ်ပြန်ကြပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ လူပေါင်း ၃,၈၀၀ ကျော်အတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောက ရောက်ရကြောင်း ဖော်ပြထားပါတယ်။ အခြေခံကျတဲ့ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ ကျင့်သုံးနိုင်ဖို့ စိတ်အား ထက်သန်နေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေး ထောက်ခံသွားမယ့်အကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG