သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစောင့်ရှောက်ခွင့်ရဖို့နဲ့ ပြန်လွှတ်ပေးဖို့ ကုလတိုက်တွန်း


DASSK
DASSK

နေပြည်တော်အကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

"ဖမ်းဆီး ထိန်းသိမ်းခံရသူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိရမှာဖြစ်ပြီး ဒါဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တဲ့အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်ရဲ့ မေးခွန်းကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တခြားသော ခေါင်းဆောင်တွေကိုလည်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အကျဉ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး သွားနာဝေဒနာကြောင့် အစားမစားနိုင်ဖြစ်နေကြောင်းနဲ့ မူးဝေ ပျို့အန်တာ ရှိခဲ့တယ်လို့ နေပြည်တော်ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက် ကြည့်ရှုခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ပြင်ပသွားဆရာဝန်နဲ့ ပြဖို့ လိုအပ်တာကြောင့် ခွင့်တောင်းတာကိုတော့ စစ်ကောင်စီအကျဉ်းဦးစီးဌာနက ပယ်ချခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာမှာတော့ မအားလပ်တဲ့အတွက် မေးမြန်းတာတွေကို မဖြေဆိုနိုင်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG