သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်/ကျဉ်းတွေ ထပ်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း


မေလ ၃ ရက်နေ့က ရန်ကုန် အင်းစိန်အကျဥ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားများ
မေလ ၃ ရက်နေ့က ရန်ကုန် အင်းစိန်အကျဥ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားများ

မြန်မာနိုင်ငံမှာ မေလ ၃ ရက်နေ့က နိုင်ငံရေးကျဉ်းသား ၂,၀၀၀ ကျော်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အားတက်မိကြောင်းနဲ့ နောက်ထပ်ကျန်ရှိနေတဲ့ တရားမဝင်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်ကတောင်းဆိုတယ်လို့ သူ့ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟင်ဟတ်က ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။

“သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်တို့အပါအဝင် တရားမဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ ထပ်မံအတည်ပြုတောင်းဆိုပါတယ်။” လို့ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟင်ဟတ်က သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

အခုလို အကျဉ်းသား ၂,၀၀၀ ကျော်လွှတ်ပေးခဲ့တာဟာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နိုလင်းဟေဇာ တရုတ်ကိုသွားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာတွေနဲ့ဆက်စပ်မှုရှိပါသလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းတာကိုတော့ ဆက်စပ်မှုရှိမရှိမသိရှိကြောင်း ပြောရေးဆိုခွင့်ရှိသူကပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့ပြင် အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်တာတွေအပါအဝင် မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဥပဒေနဲ့မညီညွတ်တဲ့ ဖမ်းဆီးနေမှုတွေအတွက် အထူးစိုးရိမ်ကြောင်းကိုလည်း Farhan Heq ကပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရောက်ရှိနေစဉ် မေလ ၃ ရက်နေ့တုန်းက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီကပြန်လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG