သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူး လွတ်ငြိမ်းခွင့် နိုင်ငံရေးပြေလည်မှု အထောက်အကူဖြစ်သင့်


ရန်ကုန် အင်းစိန်ထောင် (ဒီဇင်ဘာ၊ ၂၉၊ ၂၀၁၇)
ရန်ကုန် အင်းစိန်ထောင် (ဒီဇင်ဘာ၊ ၂၉၊ ၂၀၁၇)

နှစ်သစ်ကူးအကြိုကာလမှာ ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို နိုင်ငံတော်အစိုးရက မနေ့က ပြန်လွှတ်လိုက်တဲ့အထဲမှာ လွတ်ပေးသင့်တယ်လို့ အများက ယူဆထားသူတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ အားမလိုအားမရ ဖြစ်နေတာတွေ ရင်ဆိုင်နေရတဲ့ NLD အစိုးရအနေနဲ့ အခုလို နှစ်သစ်ကူးအချိန်အခါကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါဝင် ပြန်လွှတ်ပေးသင့်သူတွေကို လွှတ်ပေးခြင်းအားဖြင့် တင်းမာမှုတွေကို လျှော့ချသင့်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

မြန်မာ့နှစ်သစ်ကူးကာလ အစဉ်အလာအရ နှစ်စဉ်ဆိုသလို နိုင်ငံတော်အစိုးရက အကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိပြီး ဒီနှစ် သင်္ကြန်အကြိုကာလ၊ ဧပြီ ၁၂ ရက်နေ့က ရာနဲ့ချီတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာတော့ လွတ်ပေးသင့်တယ်လို့ အများက မျှော်လင့်ထားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်လာခြင်းမရှိပါဘူး။

NLD အစိုးရ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေ လျော့ချနိုင်ဖို့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီနှစ်သစ်ကူးမှာ ပြန်လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်မျိုး လူမှုကွန်ယက် မီဒီယာပေါ်မှာ ပြည်တွင်းပြည်ပက ရေးသားကြသလို ရခိုင်အရေး တင်းမာမှုတွေကို ပြေလျော့နိုင်ဖို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးမလား ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်မပေးနိုင်တဲ့ ခိုင်မာတဲ့အကြောင်းတရားတွေ NLD အစိုးရမှာ ရှိကောင်းရှိမှာဖြစ်ပေမဲ့ အခုလိုနှစ်သစ်ကူး အချိန်အခါကို အခွင့်ကောင်းယူပြီး ရိုက်တာသတင်းထောက်တွေကိုတော့ ပြန်လွှတ်ပေးသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

"အခုလို အကျဉ်းကျနေတဲ့သူတွေကို လွှတ်ပေးတာတော့ ကြိုဆိုသင့်ပါတယ်။ အဲ့ဒီမှာ လာမယ့် ရွေးကောက်ပွဲကို မျှော်မှန်းပြီးတော့ ဒီNLD က အကျဉ်းသား လွှတ်ပေးတာပဲဖြစ်ဖြစ်၊ တခြားတခြားသော လူထုကြိုက်မယ့် တနည်းအားဖြင့် ပေါ်ပြူလာဖြစ်မယ့်ဟာတွေကို တခုမှ လုပ်တာမျိုးတော့ မရှိဘူးခင်ဗျ။ သူကလည်း အစဉ်လာတော့ မရှိတဲ့ အစိုးရတခု ဖြစ်တော့ ဒါကိုတော့ သတိပြုသင့်တယ်လို့ ကျနော်က မြင်ပါတယ်။ နောက်တချက်က ဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေမှာ NLD အစိုးရ အနေနဲ့ တခြားညှိစရာ အချက်တွေ အများကြီးရှိပါလိမ့်မယ်။ ဥပမာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့ ကိစ္စကတပိုင်းပေါ့နော်။ NLD မှာ အဲ့သလို ခိုင်လုံတဲ့ အကြောင်းပြချက်ရှိလို့ မလွှတ်တာလားဆိုတဲ့ တချက်တော့ ကျနော် သံသယရှိပါတယ်ခင်ဗျ။ နောက်တချက်ကတော့ နိုင်ငံရေးအရ ဥပမာ သတင်းထောက်တွေပေါ့နော်... မီဒီယာနဲ့ ပတ်သက်ရင်တော့ ကျနော်က ဗမာပြည်တပြည်ထဲတင် ကြည့်တာမဟုတ်ဘဲနဲ့ နိုင်ငံတကာထုံးတွေအရပေါ့နော် လွှတ်ပေးသင့်တဲ့ ဒီသတင်းထောက်နဲ့ သတင်းလွတ်လပ်ခွင့်ကိစ္စကိုတော့ ဘယ်အစိုးရတက်တက် ကျနော်က သတင်းထောက်တွေဘက်က ကျနော်ကလိုက်ချင်တယ်။ NLD က လွှတ်မပေးတာ ဘာကြောင့်လဲဆိုပြီး ကျနော်က ပြောချင်ပါတယ်။"

အကျဉ်းသားတွေကို ပြန်လွှတ်ပေးနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးရှိပေမဲ့ NLD အစိုးရရဲ့လုပ်နည်းလုပ်ဟန်ကိုကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပါ့မလားဆိုတဲ့ သံသယဝင်မိကြောင်း ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးကော်မရှင် ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

"ကျနော့်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီအစိုးရသစ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေရေး စတဲ့ကဏ္ဍ ၃ ရပ်ကို သီးသန့်စီ ခွဲထားတာဖြစ်တဲ့အတွက် တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာတော့ တရားရုံးချုပ်အထိ နောက်ဆုံးအယူခံဝင်ပြီးလို့ ဆုံးဖြတ်ပြီးတဲ့ ကိစ္စရပ်တွေမှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို သုံးပြီးတော့ လွှတ်ပေးရင်လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်။ အဲ့ဒီလို မဟုတ်ဘဲနဲ့ ဒီလိုတရားရုံးအဆင့်ဆင့်ကို အယူခံတတ်နိုင်သေးတဲ့ အဆင့်မျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ ဒါအစိုးရ အာဏာသုံးပြီးတော့ လွှတ်လိမ့်မယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျာ။ ဥပမာရှိတယ် ကိုဝလုံးတို့ဆိုလို့ရှိရင် တရားရုံးချုပ်ကို အယူခံတင်ထားတယ်။ အမိန့်ချဖို့အတွက် နောက်ထပ် ၁ လလောက်ကြာရင် လွှတ်ပေးမယ်ဆိုလို့ရှိရင် အဲ့တရားရုံးချုပ်က ဥပဒေနဲ့ လွှတ်ပေးသင့်တယ်ဆိုရင် လွှတ်ပေးလိုက်မှာ ဖြစ်တယ်။ ထိုနည်းတူစွာပဲ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဆိုလို့ရှိရင်လည်း တိုင်းတရားရုံးတို့ အယူခံတက်မယ်။ ဒါမှမဟုတ် တရားရုံးချုပ်ကို အယူခံတက်မယ်။ အဲ့ဒီလို တရားရုံး အဆင့်ဆင်တက်တဲ့အခါမှာ အထက်တရားရုံးတွေက အောက်ရုံးရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းနေတယ်ဆိုလို့ရှိရင် ပြင်ဆင်ပြီးတော့ လွှတ်ပေးရင်လွှတ်ပေးလိုက်နိုင်တယ်။ ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်နဲ့တော့ သမ္မတကနေပြီးတော့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်မှုပေါ်မှာ လွှမ်းမိုးပြီးတော့ လွှတ်ပေးလိမ့်မယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူး။"

ဧပြီ ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားအားလုံးဟာ ရာဇဝတ်ပြစ်မှုတွေအရ အကျဉ်းကျခံခဲ့သူတွေဖြစ်ပြီး ပြစ်ဒဏ်ကျနေစဉ် ကာလမှာ စည်းကမ်းနဲ့အညီ ကောင်းမွန်စွာနေထိုင်တာကြောင့် လျော့ရက်ခံစားခွင့်အရ လွှတ်ရက်နီးသူတွေကို ပြန်လွှတ်ပေးတာမျိုး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလို့ သတ်မှတ်ခံထားရသူတွေ ထဲက ကလေးစစ်သားအမှုနဲ့ ထောင်ဒဏ်ကျနေတဲ့ ကိုအောင်ကိုထွေး ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့က ဦးထင်ကျော်တို့လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG