သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မှာ ကြိုတင်ပြင်ဆင်


၂၀၁၄ ခုနှစ်က သင်္ကြန်ပွဲတော်

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် နီးကပ်လာတာနဲ့ အမျှအခုဆိုရင် မြန်မာနိုင်ငံ အနှံ့သင်္ကြန်ရဲ့အငွေ့အသက်တွေ သိသိသာသာ တွေ့မြင်နေရပါပြီ။ ရန်ကုန်မြို့မှာဆိုရင်လည်း သင်္ကြန်ပွဲဆင်နွဲဖို့ ထူးထူးခြားခြား ပြင်ဆင်သူတွေလည်း ရှိနေပါတယ်။ ရန်ကုန်မှာ ဒီနှစ်သင်္ကြန်အတွက် ပြင်ဆင်နေကြတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် မေခက ပေးပို့ထားပါတယ်။

သင်္ကြန် ပွဲတော်နီးကပ် လာတာနဲ့ အမျှ တနှစ်နဲ့တနှစ် ပြင်ဆင်မှုတွေကတော့ မတူကွဲပြားအောင် ထူးထူးခြားခြား ပြင်ဆင်မှုတွေ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ သင်္ကြန်မဏ္ဍပ်တွေကို အရင်နှစ်တွေကထက် တိုးမြှင့်ခွင့်ပြုပေးထားပြီး ဒီနှစ်မှာ အရင်နှစ်ကထက်ပိုစည်ကားအောင် လုပ်ဖို့ အားခဲထားကြတာပါ။

ဒီနှစ်မှာ အသင်းအဖွဲ့တွေ ကိုယ်စားပြုတဲ့ မဏ္ဍပ်တွေလည်း ရှိလာသလို ဒီအသင်းအဖွဲ့လိုက် ဖျော်ဖြေမှုတွေလည်း ရှိလာဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံ သင်္ဘောသား အသင်းရဲ့ ပထမဆုံး လုပ်တဲ့ မဏ္ဍပ်ကတော့ စမ်းချောင်း ဗားကရာလမ်းပေါ်မှာ ရှိနေမှာပါ။ လူငယ်ပီပီဒီနှစ်မှာ မဏ္ဍပ်ထိုးဖြစ်ခဲ့တာက အလုပ်ကြောင့် လွဲချော်နေကြရ တဲ့ သဘောင်္သား လူငယ်တွေ အနေနဲ့ ဒီနှစ်သင်္ကြန် ဆုံစည်းချိန် အမှတ်တရ အနေနဲ့ ငွေကြေး စိုက်ထုတ် လုပ်ဆောင်တာဖြစ်တယ်လို့ မဏ္ဍပ်ကို ဦးစီးလုပ်ဆောင်တဲ့ ကိုဇော်မင်းထွန်းကဆိုပါတယ်။

မဏ္ဍပ်ဆောက်လုပ်တာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သတ်လို့ ကိုဇော်မင်းထွန်း ရင်ဖွင့်လာတာက “တခုခက်တာကတော့ စမ်းချောင်းက ရေနည်းတယ်။ နည်းတဲ့အခါမှာ ကျနော်တို့က အရင်နှစ်တွေကတော့ အ၀ီစိတွင်းတွေတူးခဲ့တယ်။ အဲဒါတွေကိုပဲ ပြန်ဖော်ရမယ် ပြန်တူးရမယ်။ ရေတွင်းလုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲပဲရှိပါတယ်။ အားပေးကူညီမှုကတော့ အပြည့်အ၀ ကြုံရပါတယ်။”

ပြီးခဲ့တဲ့ နှစ်က သင်္ကြန်မဏ္ဍပ်ခွင့်ပြုခဲ့တာ ၁၆ ခုလောက်ပဲရှိပြီး ဒီနှစ်မှာတော့ မဏ္ဍပ်တွေကို တိုးမြှင့် ခွင့်ပြုပေးထားပါတယ်။ အခုလိုမဏ္ဍပ်တွေ တိုးမြှင့်ခွင့်ပေးလို့ ဒီနှစ် ရန်ကုန်သင်္ကြန် ပိုမိုစည်ကားလာမယ်လို့ မျှော်လင့်နေကြသလို အရင်နှစ်ကထက်ပိုပြီး လုံခြုံရေးတိုးမြှင့်ချထားဖို့ စီစဉ်ထားတယ် လို့ ရန်ကုန်တိုင်းအစိုးရက ဆိုထားပါတယ်။

အရင်က သင်္ကြန်မဏ္ဍပ်ကို စီးပွားဖြစ် ဆောက်လုပ်ခွင့်ပြုရာကနေ NLD အရပ်သား အစိုးရတက်လာပြီး နောက်ပိုင်းမှာ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့် လျော့ချလိုက်သလို စီးပွားဖြစ် မဏ္ဍပ်တွေ လျော့ချပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းအစိုးရ အစီအစဉ်နဲ့ လမ်းလျှောက် သင်္ကြန်ပွဲတော်တွေကိုလည်း စီစဉ် ဆောင်ရွက်လာ တာတွေရှိပါတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ ခါတိုင်းနှစ်တွေနဲ့မတူဘဲ လမ်းလျှောက်သင်္ကြန်ကို တချိန် က စီးပွားဖြစ်မဏ္ဍပ်တွေ နေရာယူခဲ့တဲ့ အင်းလျားလမ်းပေါ်မှာ ကျင်းပမှာပါ။ ကန်ဘောင်ပေါ်နဲ့ ကန်ဘောင်အနီးမှာလည်း သင်္ကြန်အပြင်အဆင်တွေကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့ လမ်းလျှောက်သင်္ကြန် စီစဉ်ကျင်းပတဲ့ အင်းယားလမ်းလျှောက်သင်္ကြန် ကော်မတီဝင် စည်းကမ်းထိန်းသိမ်းရေးမှူး ကိုချမ်းမြသူက ဆိုပါတယ်။

ဒီနှစ် လမ်းလျှောက်သင်္ကြန်နဲ့ပတ်သတ်လို့ ကိုချမ်းမြသူပြောတာက

“ရန်ကုန်မြို့မှာလည်း မဏ္ဍပ်တော်တော်များများကို ခွင့်ပြုထားတယ်ပေါ့နော်။ အဲဒီတော့ တော်တော်များများကလည်း ခရီးမသွားဘဲနဲ့ ရန်ကုန်မှာပဲ နေကြမယ့်လူများတယ်။ ရန်ကုန်သင်္ကြန်မှာပဲ နေကြမယ့် လူများတယ်ပေါ့နော်။ အင်းယားလမ်းမှာလည်း အရမ်းစည်နေမယ်ဆိုတော့ မြို့သင်္ကြန်ကတော့ ခြောက်ကပ်မှာတော့ မဟုတ်ဘူး။ အရမ်းပျော်စရာကောင်းမှာပါ။”

လမ်းလျှောက်သင်္ကြန်မှာ လုံခြုံရေးပိုင်းအနေနဲ့ တင်းတင်း ကြပ်ကြပ်လုပ်ဖို့ လည်းစီစဉ်ထားတယ်လို့ သူကဆိုပါတယ်။ ဒီနှစ် အင်းယား လမ်းလျှောက်သင်္ကြန်မှာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း အင်းအား အယောက် ၄၀၀ နီးပါး ကို လုံခြုံရေးတာဝန်ယူဖို့ ပြင်ဆင်ထားတယ်လို့ ကိုချမ်းမြသူကဆိုပါတယ်။

လမ်းလျှောက်သင်္ကြန်မှာ အရက်သေစာ မူးယစ်ယမ်း ကားမှုတွေမရှိ အောင် ထိန်းသိမ်းသွားဖို့ရှိပြီး အရက်သေစာ မူးယစ်နေသူတွေကို လမ်းလျှောက်သင်္ကြန်ဧရိယာဇုံအတွင်း ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့အပြင် တခြားမြို့ကြီးတွေမှာလည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ရန်ကုန်သင်္ကြန်ကို လည်ပတ်ဖို့ ပြင်ဆင်နေတဲ့ ကိုငြိမ်းချမ်းအောင်ကတော့ ဒီနှစ်သင်္ကြန်နဲ့ပတ်သတ်လို့ သူ့ရင်ခုန်သံကို အခုလိုပြောပြလာတာပါ။

“ကျနော်တို့ဒီ လမ်းလျှောက်သင်္ကြန်တွေရော၊ သင်္ကြန်မဏ္ဍပ် တွေရော သွားပြီးတော့ ရေကစားဖို့အတွက် အခုကတည်းကနေပြီးတော့ ကြိုတင်ပြီးတော့ ရင်ခုံနေပါတယ်ခင်ဗျ။”

၂၀၁၇ ခုနှစ်မှာ မန္တလေးမြို့မှာစတင်ခဲ့တဲ့ လမ်းလျှောက် သင်္ကြန်ဟာဆိုရင်လည်း အခုဆို တခြားတိုင်းနဲ့ ပြည်နယ် တွေမှာပါ စတင် ကျင်းပလျက်ရှိတာပါ။ ဒီနှစ်သင်္ကြန်မှာ တော့ ပြည်၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာ ပထမဆုံး အကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG