မနက်ဖြန်ဆို မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ကို ကျရောက်ပါပြီ။ မြန်မာနှစ်သစ်ကို ကူးပြောင်းမယ့် အတာသင်္ကြန် အကြိုပွဲတော်တွေကို နိုင်ငံအ၀ှမ်း ပျော်ရွှင်စွာ ကျင်းပဖို့ ရန်ကုန်မြို့အနှံ့ တာစူနေကြသလို ဒီနေ့မှာကိုပဲ စတုဒီသာကျွေးပွဲ၊ အလှူပွဲတွေနဲ့ သင်္ကြန်အကြိုကျသူတွေ လည်း ရှိနေပါပြီ။ နိုင်ငံကျော် အနုပညာရှင်အချို့ကရော ဒီနှစ်သင်္ကြန်ကို ဘယ်လိုနွှဲဖို့ ပြင်နေကြပါလဲ။ သူတို့ရဲ့နှစ်သစ်ဆုတောင်းသံတွေ ကရော ဘယ်လိုရှိပါလဲ။ ကိုကောင်းစံဟိန်းက စုစည်းတင်ပြထားပါတယ်။
မြန်မာတို့ရဲ့ရိုးရာ အတာအင်္ကြန် နှစ်သစ်ကူးပွဲတော် အကြိုနေ့မတိုင်ခင် သီတင်းတပတ်လောက်ကတည်းက သင်္ကြန်အကြိုပွဲတော် ဆင်နွှဲမှုတွေ၊ ကြိုတင် ပြင်ဆင်မှုတွေ၊ ဈေးရောင်းပွဲတွေနဲ့အတူ သင်္ကြန်ရဲ့ အငွေ့အသက်တွေကတော့ နေရာတိုင်းမှာ တွေ့နေရတာပါ။ ပြည်သူတွေ သင်္ကြန်ပွဲတော်ကို ဘေးကင်းလုံခြုံစွာ ဆင်နွှဲနိုင်ဖို့အတွက်ကိုတော့ လုံခြုံရေး တိုးမြှင့် စောင့်ကြပ်မယ့်အကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ ရန်ကုန်မြို့မှာ ဒီနှစ် သင်္ကြန်မဏ္ဍပ်တွေ အရင်နှစ်ကထက် ပိုများသလို၊ လမ်းလျှောက်သင်္ကြန်ကိုလည်း အရင်နှစ်တွေထက် ပိုပြီး စည်စည်ကားကား ကျင်းပဖို့ ပွဲစီစဉ်သူတွေက ပြင်ဆင်ထားကြတာကြောင့် ဒီနှစ်ရန်ကုန် သင်္ကြန်ပွဲဟာ အရင်နှစ်တွေကထက် ပိုပြီး စည်ကားဖို့ရှိနေတာပါ။
ဒီလိုအချိန်မျိုးမှာ နိုင်ငံကျော် အနုပညာရှင်တွေလည်း နှစ်ကူးသင်္ကြန်ပွဲနွှဲဖို့ ပြင်နေကြပါပြီ။ မအေးသောင်းလို့လူသိများတဲ့ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ - နေပြည်တော် Skynet မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ သင်္ကြန်ပွဲ နွှဲမယ်လို့ ဆိုပါတယ်။
"နှစ်သစ်မှာ အမျိုးတွေအကုန်လုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ လိုအင်ဆန္ဒတွေလည်း တလုံးတဝထဲ ပြည့်စုံပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ နောက်တခုကကျတော့ နေပူတဲ့ အတွက်ကြောင့်မို့လို့ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့လို့လည်း ပြောချင်ပါတယ်ရှင်။"
အခုလိုအချိန်အခါမျိုးမှာ သင်္ကြန်သံချပ်အဖွဲ့ ဦးဆောင်ဖွဲ့လေ့ရှိတဲ့ လူရွှင်တော် ဦးမေတ္တာ ကတော့ ဒီနှစ် အခက်အခဲတချို့ကြောင့် သံချပ် မဖွဲ့နိုင်ဘူးလို့ ဆိုပါတယ်။ သင်္ကြန်ကို မိသားစုနဲ့အတူ နေအိမ်မှာပဲ အေးအေးဆေးဆေး အနားယူဖြတ်သန်းသွားမယ်လို့ ဆိုပြီး ပြည်သူတွေအတွက် နှစ်သစ်ဆုတောင်း ခုလိုခြွေခဲ့ပါတယ်။
"မကောင်းတဲ့ စိတ်တွေ၊ မကောင်းတဲ့ အညစ်အကျေးတွေ ကင်းစင်ပပျောက်ပြီး ကောင်းတဲ့ စိတ်တွေ၊ ကောင်းတဲ့ သဘောထားတွေ ပြည့်ဝလာစေဖို့အတွက် အတာရေနဲ့ ဆေးကြာပတ်ဖျန်းပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအတွင်းမှာရှိသော တိုင်းရင်းသားများအားလုံး ကမ္ဘာမှာရှိသော သင်္ကြန်ကျသော မြန်မာတိုင်းရင်းသားများ၊ တိုင်းရင်းသူတိုင်းရင်းသားမျာ မြန်မာတိုင်းရင်းသားဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အကုန်လုံးပါပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ နေကြတာမို့လို့ပါ။ မြန်မာနိုင်ငံသားဆိုပြီး နာမယ်တပ်လိုက်တာပါ။ အဲ့တော့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသားများနှင့်အတူ ကမ္ဘာမှာ ရောက်နေသော မြန်မာလူမျိုးများအားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ကျန်းမာခြင်း အားလုံးပြည့်စုံပြီးတော့ အေးချမ်းကြပါစေ။ သောကတွေ ဝေးကြပါစေ။ ဒုက္ခတွေဝေးကြပါစေ။ သာသနာ အဒွန့်ရှည်အောင်ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ခင်ဗျာ။"
အဆိုတော် နီနီခင်ဇော်ကတော့ ဒီနှစ် ရန်ကုန်မြို့မှာရှိနေမှာဖြစ်ပြီး မြကျွန်းသာ Channel K မဏ္ဍပ်မှာ ပရိသတ်တွေကို ဖျော်ဖြေဖို့ရှိတယ်လို့ ပြောပါတယ်။ နှစ်သစ်မှာ ပြည်သူတွေ ကိုယ်ကျန်းမာစိတ်ချမ်းသာကြဖို့ ဆုတောင်းတယ်လို့လည်း နီနီခင်ဇော်က ပြောပါတယ်။
"ပရိသတ်များ အားလုံးပဲ မင်္ဂလာပါရှင့် နီနီခင်ဇော်ပါ။ ပရိသတ်တွေ အားလုံးပဲ လာမယ့်နှစ်သစ်မှာ ကျန်းမာချမ်းသာခြင်းတွေနဲ့ အတူ အောင်မြင်ခြင်းတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပါတယ်။"
မြန်မာသက္ကရာဇ်ရဲ့ နှစ်တစ်နှစ် အကုန် နှစ်ကူးကို ကူးပြောင်းတဲ့အချိန်မှာ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောတဲ့အနေနဲ့ အတာရေ ပက်ဖျန်းပီး ပျော်ရွှင်စွာ ဖြတ်သန်းဖို့ တာစူနေကြသလို၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအ၀င် နိုင်ငံတ၀ှမ်း မြို့ကြီးတွေမှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ၂၀၁၇ ခုနှစ်မှာ မန္တလေးမြို့မှာ စတင်ခဲ့တဲ့ လမ်းလျှောက် သင်္ကြန်ဟာဆိုရင်လည်း အခုဆို တခြားတိုင်းနဲ့ ပြည်နယ် တွေမှာပါ စတင် ကျင်းပလျက်ရှိတာပါ။ ဒီနှစ်သင်္ကြန်မှာတော့ ပြည်၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာ ပထမဆုံး အကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အင်းလေးမှာတော့ ပထမဆုံးအကြိမ် ရေပေါ်သင်္ကြန်ကို ကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။