သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပိတ်ခံအကျဉ်းသား ၂ ဦးသေဆုံးမှုသတင်း နိုင်/ကျဉ်းကွန်ယက် ပြန်ပြင်


Myanmar Prison Department
Myanmar Prison Department

ပြီးခဲ့တဲ့အာဇာနည်နေ့က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် တိုက်ပိတ်၊ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ယောက်ထဲက (၂) ယောက် သေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကမဟုတ်ကြောင်း တကယ်တော့ သေဆုံးသွားသူဟာ အာဇာနည်နေ့လှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကိုသန်းတိုးအောင်နဲ့ ဦးလှစိုးမဟုတ်ဘဲ အခြား အကျဉ်းသားနှစ်ယောက်သာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်က ဗွီအိုအေကို ပြောပါတယ်။

"ထောင်တွင်းကနေလာတဲ့သတင်း ဖြစ်တဲ့အခါမှာ ပထမအကြိမ်မှာတော့ သတင်းတွေက အဲလို ဆက်တိုက်ထွက်လာတာပေါ့။ ထောင်ကဟာကိုယူရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်တိုင်စိစစ်ဖို့ နည်းနည်းခက်တဲ့အနေအထားမျိုးမှာ အခက်အခဲ ကိုယ်စီရှိကြတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ သေချာလိုက်ရင်းနဲ့မှ ကိုသန်းတိုးအောင်နဲ့ ဦးလှစိုးတို့က ကွယ်လွန်ခြင်းမရှိဘူး။ ဒါပေမဲ့ ကွန်လွန်သွားတဲ့သူတွေကတော့ မှန်တယ်။ နှစ်ယောက်၊ တဦးက အခြားရာဇဝတ်မှု၊ တဦးကတော့ ရန်ကုန်ကပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားပေါ့နော်။ သူက နေမကောင်းတာကနေ ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ရင်း ကွယ်လွန်သွားတာ။ အဲလိုသိရတယ်။"

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးထဲမှာ ၁၆ ဦးက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ၁၅ ဦးလည်း ပါဝင်ပါတယ်။ အမျိုးသားတွေကိုတော့ ဒီနေ့အထိ တိုက်ပိတ်ထားဆဲဖြစ်ပြီး အမျိုးသမီးတွေထဲက ၁၄ ဦးကိုတော့ ဩဂုတ်လ ၁၃ ရက်မှာ အဆောင်တွေဆီ ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။

ကျန်နေတဲ့ မရွှန်းအိဖြူကိုတော့ အဲဒီနေ့က လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တယ်လို့ အကျဉ်းထောင်အရာရှိတွေက ယူဆထားတာ ဖြစ်ပါတယ်။ အဆောင်တွေကို ပြန်ပို့တာမှာလည်း မူလအဆောင်ကို ပြန်ပို့တာမဟုတ်ဘဲ အခြားအဆောင်တွေဆီ ခွဲပြီး ပို့လိုက်တာလို့ သာယာဝတီ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မနှင်းဆီနက် (အမည်လွှဲ) က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် အခုလို ရိုက်နှက်နေတာတွေက သာယာဝတီထောင်မှာ တချိန်လုံးနီးပါးကို ဖြစ်ပျက်နေပြီး အမျိုးသမီး၊ အမျိုးသား အကျဥ◌်သား အားလုံးကို ထောင်ဝန်ထမ်း အမျိုးသားတွေကပဲရိုက်နေပြီး ဒါဟာ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုအဖြစ် မြင်ကြေင်းလည်း သူက ထောက်ပြပါတယ်။

ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ယောက်ထဲက တချို့ကတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် ထောင်တွင်းဆေးရုံမှာပဲ ကုသခံနေရတယ်လို့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့အနေနဲ့ ဆေးဝါးလုံလောက်မှုမရှိတဲ့ ထောင်တွင်းဆေးရုံထက် ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်ပေးဖို့လည်း နိုင်ငံရေး အကျဉ်းသားတွေက တောင်းဆိုနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်က တနိုင်ငံလုံးကနေ အကျဉ်းသား ၇,၀၀၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီကကြေညာထားပေမဲ့ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်ပဲ ပါဝင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေက တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG