သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဆူပူမှုများနှင့် အမြင်အမျိုးမျိုး


ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေး သွားမယ်လို့ မနေ့တုန်းကထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ အကျဉ်းသားတွေ သောင်းနဲ့ချီ မကြာခင်က ပြန်လွှတ်ပေးတဲ့အပေါ် မျှတမှုမရှိဘူးလို့ အကျဉ်းသားတွေက ပြောနေကြတာပါ။ အခုလိုဆူပူမှုတွေနဲ့ အာဏာပိုင်တွေရဲ့ကိုင်တွယ်မှုတွေအပေါ် အမြင်တွေကလည်း အမျိုးမျိုးရှိနေပါ တယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်ဆက်ပြောပါလိမ့်မယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေတုန်းက မြန်မာနိုင်ငံအတွင်း ထောင်၆ခုမှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့နှိမ်နင်းမှုကြောင့် အကျဉ်းသား လေးဦး သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ ကလေးနဲ့ ဘားအံမြို့တွေက အကျဉ်းထောင်တွေမှာ မေလ ၈ရက်နေ့ဗုဒ္ဓဟူးနေ့တုန်းက ဆူပူခဲ့ကြပြီး ၊ မေလ၉ရက်နေ့မှာတော့ မြစ်ကြီးနား၊ ပုသိမ်၊ သာယာဝတီ နဲ့ရွှေဘို ထောင်တွေမှာ ဆူပူခဲ့ကြပါတယ်။ ရွှေဘိုထောင် ဆူပူမှုမှာ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်နှိမ်နင်းလို့ အကျဉ်းသားလေးဦး သေဆုံးခဲ့ပါတယ်။

သမ္မတရုံးရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဆူပူတဲ့ထောင်တွေကွဲပေမဲ့ တောင်းဆိုချက် တွေက တထပ်ထဲဖြစ်နေပြီး တချို့ထောင်တွေမှာ ဆူပူမှုတွေကို အကျဉ်းသားတွေက လက်ကိုင်ဖုန်းနဲ့ လူမှုကွန်ယက်မှာ Live လွှင့်တင်ခဲ့တာတွေရှိလို့ ဆူပူမှုတွေအကြား ချိတ်ဆက်မှုတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေရှိတယ်လို့ သုံးသပ်ကြောင်း ဖေါ်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းကလည်း အကျဉ်းသားတွေ လက်ကိုင်ဖုန်း အသုံးပြုတဲ့ အချက်ကို ထောက်ပြပါတယ်။

“ထောင်က ဖုန်းဆက်သွယ်လို့မှ မရပဲ ။ Facebook တွေလွှင့်လို့ရပြီ ငါတို့လည်း ဆူလို့ရပြီ ထင်နေကြလားတော့ မပြောတတ်ဘူး။”

ရွှေဘိုမြို့ကလူမှုကယ်ဆယ်ရေးအသင်း ရဲ့ဥက္ကဌ ဦးမျိုးမြင့်က ရွှေဘိုထောင်ဆူပူမှုနဲ့ ပတ်သက်ပြီး ဗီအိုအေကိုရှင်းပြပါတယ်။

“တာဝန်ရှိသူတွေကို ပြန်ပြီးတော့ ခုခံတဲ့အတွက် အတင်းသူတို့က ဝင်စီးမလိုဖြစ်တဲ့အတွက် လှမ်းပစ်တဲ့အချိန်မှာ ထိတာရှိပါတယ်။ အင်အားသုံးပြီးတော့ ထိန်းသိမ်းရတဲ့ သဘောပါပဲ မထိန်းသိမ်းလို့ရှိရင် ဒီထက်ပိုဆိုးမယ့်အခြေအနေတွေ ဖြစ်ကုန်မယ် အခုလည်း ဝန်ကြီးချုပ်ကိုယ်တိုင်ရှင်းတာကို လက်မခံတာပါ အကျဉ်းသားတွေက ။ မင်းတို့ဖြစ်ခြင်တာကို ငါတင်ပြပေးမယ် ဆိုတာကို လက်မခံတာပါခင်ဗျ။”

လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးကတော့ အခုလိုထောင် ဆူပူမှုတွေဖြစ် ရတာ ဝန်ထမ်းတွေရဲ့ချို့ယွင်းချက်ကြောင့်လို့ယူဆပါတယ်။

“ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကလည်း ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတကနေမှ သတ်မှတ်ချက်တွေနဲ့ ဒါတွေလွတ်သင့်တယ် ၊ ဒါတွေမလွတ်သင့်ဘူးဆိုတာ သူတို့ တခါတည်းညှိထားပြီးသား။ အဲဒီအပေါ်မှာ သူတို့ဘက်က အကယ်၍ ဝန်ထမ်းတွေရဲ့ ချို့ယွင်းချက်ကြောင့် မမျှတဘူးဆိုတဲ့ ပြဿနာပေါ်လာတယ်လို့ အန်ကယ်တို့ဘက်က ထင်တယ်။ ဒီကိစ္စကို လက်ရှိဌာနအတွင်းလည်း ရှင်းရမယ်။ ”

ဘယ်လိုနည်းနဲ့ လွတ်ငြိမ်းသက်သာ ခွင့်ကိုပေးတာလဲဆိုတာကို မသိရလို့ အကျဉ်းသားတွေ မကျေမနပ်ဖြစ်ရတယ်လို့ယူဆတဲ့အကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက သတင်းထောက်တွေကိုပြောပါတယ်။

“လွှတ်တဲ့အပေါ်မှာ မျှတမှုမရှိဘူးလို့ အကျဉ်းသားတွေဘက်က ခံစားရတာပါ။ အခု ဘယ်လိုလွတ်လဲ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးလဲဆိုတာကတော့ မသိရတဲ့အတွက် အကျဉ်းသားတွေဘက်က ဒါကို မကျေနပ်လို့ ဒီလိုဖြစ်ကြတယ် လို့ ကျနော်တို့ ယူဆပါတယ်။”

အကျဉ်းသားတွေပြန်လွှတ်ပေးမှုမှာ ပွင့်လင်း မြင်သာမှုရှိသင့်တယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်သူ ဦးဘို ကြည်က ဗွီအိုအေကိုပြောပါတယ်။

“အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါမှာ စိစစ်မှုပုံစံက ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘယ်လိုစိစစ်တာလဲ ဘယ်သူတွေက စိစစ်တာလဲ ဘယ်လိုအကျဉ်းသားတွေကို ရွေးပြီးတော့ လွတ်တာလဲ ဆိုတဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အပိုင်းကို ကျနော်တို့ တွေ့ရတယ်။ အစိုးရက စိစစ်ရေးလုပ်မယ်ဆိုရင် ဖြစ်နိုင်ရင် အကျဉ်းသား စိစစ်ရေးကော်မတီလိုမျိုးဖွဲ့ပြီးတော့ လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ဖြစ်စဉ်တွေကို ကျနော်တို့ရနိုင်တယ်။ အဲလိုမျိုးဆိုရင် အကျဉ်းသားတွေကလည်း သူတို့မလွှတ်ရင် မလွှတ်တဲ့အကြောင်းသေချာသိရမယ်။ ဒီလိုမျိုးဖြစ်အောင်ကျနော်တို့ စီစဉ်ရမယ် နောက်တခုက အကျဉ်းသားတွေ ဆန္ဒပြမှုကို ဖြိုခွဲတဲ့အခါမှာ အကျဉ်းသားတွေ သေဆုံးတဲ့အဆင့်အထိဖြစ်လာတယ်။ ဒါက ကောင်းတဲ့အလားအလာတော့မဟုတ်ဘူး ပြည်သူလူထု စိုးရိမ်မှုကလည်း ပိုပြီးတော့ မြင့်တက်လာတယ်။”

နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ တချို့အမှုတွေက လျှော့ပေါ့ပေးသင့်တဲ့ အကြောင်း လွှတ်တော် ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

“အဓမ္မပြုကျင့်တဲ့ မုဒိမ်းမူလိုဟာမျိုး၊ လူသတ်မှုလိုဟာမျိုးကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့မရှိဘူး ပြစ်ဒဏ်လျော့လေ့မရှိဘူး။ သို့သော်နိုင်ငံရေး ပြစ်မှု ပြစ်ဒဏ်တွေ နောက်တခါ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ ဒါတွေကိုတော့ လျော့လေ့ရှိတယ် ဘာကြောင့်လဲဆိုတော့ နှစ်တွေတအားကြာတော့ လူတယောက်ကို ထောင်ထဲထည့်ထားတယ်ဆိုတာက ပြင်ဆင်ဖို့အတွက်ထည့်ထားတာပေါ့။ နှစ် ၄၀ လောက်ထည့်ထားမယ်ဆိုရင် ဒါက ပြင်ဆင်ဖို့မဖြစ်နိုင်တော့ဘူး ဘဝကို ဖျက်ဆီးသလိုဖြစ်သွားမယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်က ပြစ်ဒဏ်ချပေးတဲ့အခါ ပြစ်ဒဏ်လျော့ဖို့လိုတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဧပြီလကနေ မေလအထိ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေက နှစ်သောင်းသုံးထောင်ကျော်ပါတယ်။ မြန်မာနိုင်ငံ အတွင်းက အကျဉ်းထောင်နဲ့အလုပ်စခန်းပေါင်း ၉၃ခုမှာ အကျဉ်းသားပေါင်း ကိုးသောင်းကျော်ရှိပါတယ်။ တခြားထောင်တွေမှာ လည်း ဆူပူမှုတွေ ဖြစ်လာမှာကို စိုးရိမ်ရလို့ လုံခြုံရေးတွေတင်းကျပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG